ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မွန်တွင် တရားဝင်ကန့်ကွက်မှု မရှိသေး

0
315
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်၍သော်လည်းကောင်း၊ ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှုနှင့်ပတ်သက်၍သော်လည်းကောင်း တရားဝင်ကန့်ကွက်မှု မရှိသေးကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးက ပြောသည်။

ကန့်ကွက်မှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲရလဒ်များ ကြေညာသည့်နေ့မှစ၍ ၄၅ ရက်အတွင်း ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းရမည်ဖြစ်သည်။

မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေနှင့် ရွေးကောက်ရလဒ်များကို နိုဝင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ရက် ၂၀ ကြာသည့် နိုဝင်ဘာလကုန်အထိ ကန့်ကွက်မှု မရှိသေးကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်း လင်းထက်က ပြောသည်။

“လောလောဆယ်မရှိသေးဘူးပေါ့နော်။ တင်ဖို့ပြင်နေကြတယ်နဲ့တူတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက မွန်ပြည်နယ်တွင် ကန့်ကွက်လွှာတင်သွင်း သူမရှိခဲ့သော်လည်း ယခု ရွေးကောက် ပွဲတွင်မူ ကန့်ကွက်လွှာတင်သွင်းသူရှိလာနိုင်သည်ဟု ဦးဟိဏ်းလင်းထက်က ဆက်ပြောသည်။

ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၁ ဦး အနိုင်ရရှိထားသည့် မွန်ညီညွတ် ရေးပါတီကမူ မဲဆန္ဒနယ်အချို့က ရလဒ်ကို စိစစ်နေဆဲဖြစ်သည့်အတွက် လက်ရှိ ရွေးကောက်ပွဲပေါ် သဘောထားမှတ်ချက်ပေးရန် စောသေးသည်ဟု ပြောသည်။

“မဲဆန္ဒနယ်အချို့တွေမှာ သံသယဖြစ်နေတဲ့အနေအထားမှာရှိနေတယ်” ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး နိုင်လယိတမက ပြောသည်။

ကန့်ကွက်လွှာတင်သွင်းသူတိုင်းသည် မိမိ၏ကန့်ကွက်လွှာနှင့်အတူ ကုန်ကျမည့် အမှုစရိတ်အတွက် ငွေကျပ် ငါးသိန်းကို ပေးသွင်းရမည်ဖြစ်ပြီး ကန့် ကွက်လွှာတစ်စောင်၌ ကန့်ကွက်သူ တစ်ဦးထက်ပို၍ ပါရှိလျှင် ကန့်ကွက်သူ တစ်ဦးချင်းအလိုက် ငွေကျပ် ငါးသိန်းပေး သွင်းရမည်ဟု ရွေးကောက်ပွဲနည်းဥပဒေ တွင် ဖော်ပြပါရှိသည်။

အဆိုပါ တင်သွင်းထားသော အမှုစရိတ် ငွေကျပ် ငါးသိန်းကို မည်သည့် အကြောင်းကြောင့်မျှ ပြန်လည်ထုတ်ယူခွင့် မရှိစေရဟုလည်း ဖော်ပြပါရှိ သည်။

မွန်ပြည်နယ်တွင် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့်ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၁၆ ပါတီတို့နှင့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၅၇ ဦး ဝင်ပြိုင်ခဲ့ကြပြီး ကိုယ်စားလှယ် ၄၅ ဦး ရွေးကောက်တင်မြှောက်ခံထားရသည်။

ရွေးကောက်တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ် ၄၅ ဦးတွင် NLD ပါတီမှ ၃၄ ဦးနှင့် မွန်ညီညွတ်ရေးပါတီမှ ၁၁ ဦးတို့ ဖြစ်သည်။

ယဉ်စနိုင်း