တိုင်းအတွင်း A အဆင့်ရထားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ၁၃၀ဝ ကျော်ကို ဆိုင်ထိုင်ရောင်းချခွင့်ပြု

0
229
Dawei Watch, Dawei News, Dawei News Media

တိုင်းအတွင်း A အဆင့်ရရှိထားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင် ၁၃၀ဝ ကျော်ကို ဆိုင်ထိုင်ရောင်းချခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်၊ တားဆီးရေးဆိုင်ရာ စံသတ် မှတ်ချက်နှင့် ကိုက်ညီသည့် A အဆင့်ရ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ ဆိုင်ထိုင်ရောင်းချခွင့်ပြုမည်ဖြစ်သည်။

တနင်္သာရီတိုင်းတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ၃၀ဝ၀ ကျော်ရှိပြီး A အဆင့်ရသည့် ၁၃၅၆ ဆိုင်ရှိသည်ဟု ဝန်ကြီး ဦးကျော်မင်းက ပြော သည်။

“ဒီကိုဗစ်ကာကွယ်ရေးကိစ္စရပ်များနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်လုပ်ကိုင် ထားဖို့အတွက်လေ သက်ဆိုင်ရာ ဒီ အလုပ်သမားအဖွဲ့ကနေပြီးတော့ စိစစ်သွားမှာ ဖြစ်ပါတယ်။ စိစစ်ပြီးလို့ A အဆင့်ရရှိပြီးသောဆိုင်များကို ဖွင့်လှစ် သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းအနေနဲ့ကတော့ ဒီလတ်တလော အခြေအနေအရတော့ ဒီနေ့ကနေစပြီးတော့ ဖွင့်နေပြီပေါ့” ဟု ၎င်းက ဆိုသည်။

သို့သော် ဖွင့်လှစ်ခွင့်ပြုပြီးသော ဆိုင်များကို သက်ဆိုင်ရာ ပူးပေါင်းစိစစ်ရေးအဖွဲ့များဖြင့် ရှောင်တခင်စစ်ဆေး သွားမည်ဖြစ်ပြီး လိုက်နာရမည့် စည်းကမ်းချက်များကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ပါ ဆိုင်ကို ပြန်လည်ပိတ်သိမ်းခြင်းများကိုလည်း ပြုလုပ်သွားမည်ဟု ဝန်ကြီး ဦးကျော်မင်းက ဆိုသည်။

ဆိုင်ထိုင်ရောင်းချခွင့်ပြုရန်အတွက် မြို့နယ်များတွင် ပြီးခဲ့သည့် နှစ်ပတ်ခန့်ကတည်းက လိုက်လံစစ်ဆေးမှုများ ပြုလုပ်ထားသည်ဟု ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

“တစ်ခုရှိတာ ဒီစားသောက်ဆိုင် တွေနဲ့ပတ်သက်ပြီးတော့မှ စည်းကမ်းချက် တွေလည်းလာမယ်။ စည်းကမ်းချက် မလိုက်နာရင်တော့ အရေးယူတာတို့၊ ပိတ်တာတို့ ဒါတွေလည်း ရှိတယ်” ဟု ဦးအောင်စိုးမိုးက ပြောသည်။

A အဆင့်ရသည့် ဆိုင်များအား ပြန်လည်ဖွင့်လှစ်မည့်ကိစ္စကို ကြားသိနေပြီဖြစ်သော်လည်း ဖွင့်လှစ်ခွင့်ပြုမည့် ကိစ္စနှင့်ပက်သက်ပြီး ဒီဇင်ဘာ ၃ ရက်နေ့အထိ ညွှန်ကြားစာရောက်မလာသေးဟု ဦးအောင်စိုးမိုးက ပြောသည်။

မြေပြင်တွင်လည်း ဒီဇင်ဘာလ ၄ ရက်နေ့အထိ ဆိုင်များမှာ ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

ထားဝယ်မြို့၊ ဗိုလ်ချုပ်လမ်းရှိ လက်ဖက်ရည်ဆိုင်မှ တာဝန်ရှိသူ အမျိုး သားတစ်ဦးကမူ ဆိုင်ထိုင်ရောင်းချခွင့်နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၄ ရက်ညနေအထိ သက်ဆိုင်ရာ အာဏာပိုင်မှ ညွှန်ကြားချက် တစ်စုံတစ်ရာ မရှိသေးဟု ဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်များလိုက်နာရမည့် ထုတ်ပြန်ချက် နှင့် ညွှန်ကြားချက်များကိုလိုက်နာဆောင် ရွက်ထားသည့် ဆိုင်များကို A အဆင့်၊ B အဆင့်၊ C အဆင့် စသည်ဖြင့် သတ်မှတ်ထားပြီး A အဆင့်ရမှသာ ဆိုင်ထိုင် ရောင်းချခွင့်ပြုမည်ဖြစ်သည်။

မိုးမြင့်