ပျောက်ဆုံးနေသည့် ဘိုး၊ ဘွားများထောက်ပံ့ကြေး

0
209
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ကျေးရွာရှိ သက်ကြီးဘိုး၊ ဘွားအချို့မှာ ယခင်က ရခဲ့သော လူမှုရေးထောက်ပံ့ငွေကို မရရှိတော့သည်မှာ နှစ်ချီကြာနေပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အသက် ၈၅ နှစ်နှင့်အထက် ဘိုး၊ ဘွားများကို လူမှုရေးပင်စင်အဖြစ် တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့နေသည့် ထောက်ပံ့ကြေးများ မရှိတော့ခြင်း ဖြစ်သည်။

ယင်းကျေးရွာရှိ အသက် ၁၀၁ နှစ်အရွယ် အဘိုးတစ်ဦးနှင့် အသက် ၈၇ နှစ်အရွယ် ဘိုး၊ ဘွားနှစ်ဦး၏ မိသားစုဝင်များထံ ဆက်သွယ်မေးမြန်းရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ထောက်ပံ့ကြေးလာမပေးတော့ကြောင်း ဖြေဆိုကြသည်။

ကညုံရပ်ကွက် မဲလက်မှတ်မှားယွင်းမှု ဆုံးဖြတ်မည့် အဖြေမရှိသေး

“အခုမရတော့တာကြာလှပြီ။ အခုဆိုရင် နှစ်နဲ့တောင်ချီနေပြီ။ မနှစ် တန်းဆောင်မုန်းလကတည်းက မရတော့တာ” ဟု အသက် ၈၇ နှစ်အရွယ်အဖွား၏ သမီးဖြစ်သူ ဒေါ်ဝင်းအေးက ပြောသည်။

ယခင်က ထောက်ပံ့ကြေး သုံးလ တစ်ကြိမ်ရနေသော်လည်း လွန်ခဲ့သည့် တစ်နှစ်ခန့်မှစပြီး ထောက်ပံ့ကြေးမရ တော့ခြင်းဖြစ်ကြောင်း၊ မည်သည့် အတွက်မရသည်ကိုလည်း မသိကြောင်း အသက် ၁၀၁ နှစ်အရွယ် အဘိုး၏ မြေးဖြစ်သူ ဒေါ်သက်နိုင်က ပြောသည်။

“အရင်က ရွာလူကြီးတွေ၊ ကျောင်း ဆရာမတွေနဲ့ လာလာပေးတာ။ အခုက လာမပေးတော့ဘူးဆိုတော့ ဟိုက မပေးတော့လို့ဘဲ ဆက်မပေးတာလား ဆိုပြီး ကျွန်မကတော့ အဲလိုပဲယူဆနေတာ” ဟု ဒေါ်သက်နိုင်က ဆိုသည်။

ဂုံညှင်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးကမူ ထောက်ပံ့ကြေးရနေသည့် ဘိုး၊ ဘွားများကို ပုံမှန်အတိုင်းထောက်ပံ့နေကြောင်း ပြောသည်။

ယင်းထောက်ပံ့ကြေးများကို အုပ်ချုပ်ရေးမှူးက တိုက်ရိုက်ထောက်ပံ့ခြင်းမဟုတ်ဘဲ အခြားသူတစ်ဦးဦးကို တစ်ဆင့်ထောက်ပံ့ပေးခိုင်းခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးကျော်ကိုးက ပြောသည်။

“ကျွန်တော်တို့မှာက အလုပ်ရှုပ်တော့ စာအိပ်ထဲပိုက်ဆံထည့်ထည့်ပြီး သွားသွားပေးခိုင်းတယ်” ဟု ဦးကျော်ကိုး က ဆိုသည်။

တနင်္သာရီအပတ်စဉ်က စုံစမ်းချက်အရ ဂုံညှင်းဆိပ်ရွာတွင် သက်ကြီး ဘိုး၊ ဘွားထောက်ပံ့ကြေး ဆက်မရတော့သူ ခြောက်ဦးခန့်ရှိကြောင်း သိရ သည်။

ကျော်သူစိုး