ကညုံရပ်ကွက် မဲလက်မှတ်မှားယွင်းမှု ဆုံးဖြတ်မည့် အဖြေမရှိသေး

0
171
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့ရှိ ကညုံရပ်ကွက်တွင် ကြိုတင်မဲပေးရာ၌ မဲလက်မှတ်မှားယွင်းမှုအပေါ် မည်ကဲ့သို့ဆုံးဖြတ်မည်ကို အဖြေမထွက်သေးကြောင်း ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောကြားသည်။

အဆိုပါရပ်ကွက်တွင် တိုင်းဒေသကြီးလွှတ်တော်အတွက်ဆန္ဒမဲပေးရာတွင် ရပ်ကျေးကော်မရှင်က တိုင်းရင်း သားဆန္ဒမဲလက်မှတ်များ မှားယွင်း ထုတ်ပေးမိခြင်းဖြစ်သည်။

အသက် ၆၀ နှစ်နှင့် အထက်သက်ကြီးများ ကြိုတင်မဲစပေးသည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မှားယွင်းပြီး ဆန္ဒမဲပေးမိသူ ၂၄ မဲ ရှိကြောင်း ဦးစိုးလွင်က ဆိုသည်။

ယင်းကဲ့သို့ မှားယွင်းခြင်းကို ဖြစ်စဉ်တစ်ခုအဖြစ် မှတ်သားပြီး သက်ဆိုင်ရာ ရွေးကော်အဖွဲ့ခွဲအဆင့်ဆင့်မှတစ်ဆင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုကဲ့သို့ မှားယွင်းထုတ်ပေးမိသည့် ဆန္ဒမဲများကို ပယ်မဲ သို့မဟုတ် ခိုင်လုံမဲအဖြစ် မသတ်မှတ်သေးဘဲ ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာလ ၈ ရက်နေ့မှသာ အဖြေသိနိုင်မည်ဖြစ်ကြောင်း ဦးစိုးလွင်က ဆိုသည်။

“မဲလက်မှတ်ရေတဲ့အချိန်မှာ တစ်ဖက်ကပါတီက နိုင်တယ်။ တစ်ဖက်ပါတီက ရှုံးတယ်ဆိုရင် ရှုံးတဲ့ပါတီက ကန့်ကွက်တိုင်ကြားရင် ဒီပြဿနာက အကောင်အထည်ဖော်လာလိမ့်မယ်ခင်ဗျား” ဟု ဦးစိုးလွင်က ပြောသည်။

ယင်းကဲ့သို့ မဲလက်မှတ်မှားယွင်း မထုတ်ပေးမီ ဆန္ဒမဲပေးသူ ၁၀ဝ ဦးမှာ မဲလက်မှတ်အမှန်ဖြင့်မဲပေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့မဲပေးပြီး မဲလက်မှတ်ကုန် သွားသည့်အတွက် မဲလက်မှတ်စာအုပ် အသစ်ထုတ်ယူချိန်တွင်မှ မှားယွင်း ထုတ်ပေးမိခြင်းဖြစ်ကြောင်း မြို့နယ် ရွေးကော်ထံမှ သိရသည်။