တနင်္သာရီတိုင်းတွင် တစ်ရှူး ငှက်ပျောစစိုက်

0
817
တစ်ရှူး ငှက်ပျောပင်

တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စုတွင် တစ်ရှူးငှက်ပျော စတင်စိုက်ပျိုးထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

တစ်ရှူးငှက်ပျောကို တနင်္သာရီတိုင်းတွင် ပထမဆုံး စတင်စိုက်ပျိုးခြင်းဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ မျိုးပင်နှင့် နည်းပညာအကူအညီများပေးကာ တောင်သူတစ်ဦးက ငါးဧကခန့် စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်သည်ဟု အထက်ပါဌာနမှ ဒုတိုင်းဦးစီးမှူး ဦးသိန်းစိုးက ပြောသည်။

ကိုဗစ် ဒုတိယလှိုင်းမှ စတင်စိုက်ပျိုးထားခြင်းဖြစ်ပြီး တစ်နှစ်ခန့်ကြာမှသာ အသီးများကို ထုတ်ယူရောင်းချနိုင်မည်ဖြစ်ကြောင်း ဦးသိန်းစိုးက ပြောသည်။

တစ်ရှူးငှက်ပျောစိုက်ပျိုးခြင်းကြောင့် ဒေသစားသုံးမှုလိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းနိုင်မည်ဖြစ်ပြီး ရန်ကုန်နှင့်အခြားတိုင်းနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချနိုင်ပါက နိုင်ငံတော်မှ အခွန်အခများရရှိလာမည်ဖြစ်ကြောင်း ဦးသိန်းစိုးက ပြောသည်။

“အဓိကထိုင်းကဝင်တဲ့ဟာ Cover ဖြစ်(ထိန်းနိုင်) သွားမယ်။ ကိုယ့်ဒေသသီးနှံ ကိုယ်စားသုံးနိုင်မယ်” ဟု ဦးသိန်းစိုးက ဆိုသည်။

မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်နှင့် အခြားတိုင်းနှင့်ပြည်နယ်အချို့တို့၌ တရုတ်ဘက်မှ တင်သွင်းလာသည့် တစ်ရှူးငှက်ပျောမျိုးစိတ်များကို ဧကသိန်းချီစိုက်ပျိုးမှုများရှိသည်ဟု သိရသည်။

အဆိုပါ စိုက်ခင်းများတွင် တရုတ်နိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အပင်ကြီးထွားမြန်ဆေး၊ အသီးထွားဆေး စသည့် ဓာတုဗေဒဆေးဝါးများသုံးစွဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိခိုက်ပျက်စီးမှုများရှိသည်ဟု ဆိုကာ တစ်ရှူးငှက်ပျောစိုက်ပျိုးခြင်းကို ဒေသခံနှင့် အရပ်ဘက်အဖွဲ့အစည်းအချို့က ကန့်ကွက်နေကြသည်များလည်း ရှိသည်။

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး များဖျန်းကာ စိုက်ပျိုးထားသည့် အပင်များကို ရေလောင်းပါက ယင်းရေများသည် မြေဆီလွှာတွင်းစိမ့်ဝင်ကာ သက်ဆိုင်ရာမြစ်များ၊ ချောင်းများ၊ အင်းအိုင်များသို့ ရောက်ရှိသွားပြီး မြေဆီလွှာပျက်စီးမှု၊ ဇီဝမျိုးစုံ မျိုးကွဲများနှင့် ဂေဟစနစ်ပေါ် ထိခိုက်ပျက်စီးမှုများရှိသည်ဟု တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးထွန်းထွန်းဝင်း က ရှင်းပြသည်။

သဘာဝတောများကို ခုတ်ထွင်ရှင်းလင်းကာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အပင်ကြီးထွားဆေး၊ အသီးထွားဆေး စသည့် ဓာတုဗေဒဆေးများကို အသုံးပြု၍ ဧက ထောင်ချီ၊ သောင်းချီ စိုက်ပျိုးထုတ်လုပ်လာပါက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ဖြစ်လာမည်ဟု ဦးထွန်းထွန်းဦး က ပြောသည်။

“ငါးဧကလောက်ဆိုရင်တော့ ပြဿနာက မရှိသေးဘူးပေါ့။ ဒါပုံမှန်အတိုင်းဆိုရင် တို့တနင်္သာရီတိုင်းကလည်း မြေဩဇာကောင်းတယ်ဆိုတော့ ပုံမှန်လေး သဘာဝအတိုင်း ကြီးမယ်၊ ထွားမယ်ဆိုရင် ပြဿနာ မရှိသေးဘူးပေါ့” ဟု ဦးထွန်းထွန်းဦးက ဆိုသည်။

ကချင်ပြည်နယ်တွင် တစ်ရှူးငှက်ပျောကို ၂၀၀၆ ခုနှစ်က စတင်စိုက်ပျိုးခဲ့ပြီး တစ်နိုင်ငံလုံးတွင် ငှက်ပျောစိုက်ဧက နှစ်သိန်းခြောက်သောင်းကျော် စိုက်ပျိုးထားသည်ဟု သတင်းဌာနအချို့၏ ဖော်ပြချက်တွင် တွေ့ရသည်။

မိုးမြင့်