မဲစာရင်း၊ မဲပုံးနှင့် မဲလက်မှတ်များပေးပို့ရန် မလွယ်ကူသဖြင့် မဲဆန္ဒရှင် ၇၀ဝ ကျော် မဲပေးခွင့်ဆုံးရှုံး

0
196
Dawei Watch, Dawei News, Dawei News Media

၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတို့တွင် မဲပေးခွင့်ရခဲ့သည့် တနင်္သာရီမြို့နယ် အေးမွန်သာဒေသအခေါ် ချောင်ချိရွာမှ ဒေသခံ ၇၀ဝ ကျော်မှာ ၂၀၂၀ ရွေးကောက် ပွဲတွင် မဲပေးခွင့်ရတော့မည်မဟုတ်ပေ။

ယင်းကျေးရွာတွင် ရွေးကောက်ပွဲ ကျင်းပရန်အတွက် မဲစာရင်း၊ မဲပုံးနှင့် မဲလက်မှတ်များပေးပို့ရန်အတွက် ဆက်သွယ်ရေးအခက်အခဲ၊ လမ်းခရီးအခက် အခဲရှိသောကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယင်းကျေးရွာအား ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော ကျေးရွာအဖြစ်ကြေညာခဲ့သောကြောင့် မဲပေးခွင့်ဆုံးရှုံးသွားခြင်းဖြစ်သည်။

ရွေးကောက်ပွဲကျင်းပရန် ၁၅ ရက်အလို အောက်တိုဘာလ ၂၃ ရက်တွင် ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အေးမွန်သာရွာသည် မြန်မာ-ထိုင်း နယ်စပ်ရွာတစ်ရွာဖြစ်ပြီး မွန်တိုင်းရင်းသားအများစုနေထိုင်သည့်ကျေးရွာဖြစ်ကြောင်း တနင်္သာရီမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသန့်ဇင်မင်းက ပြောသည်။

၂၀၁၀၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်မှု အေးမွန်သာရွာသားများ မဲပေးခွင့်ရရေးအတွက် ထိုင်းနိုင်ငံမှတစ်ဆင့် ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများပို့ဆောင် ပေးနိုင်ခဲ့သဖြင့် ရွေးကောက်ပွဲကျင်းပ နိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ကိုဗစ် ရောဂါကြောင့် ထိုင်းနိုင်ငံဘက်မှ နယ်စပ်ဖြတ်သန်းခွင့်ပိတ်ထားသဖြင့် ရွေးကောက်ပွဲ မကျင်းပနိုင်တော့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသခံများနှင့် အဆက်အသွယ်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်ရေးအခက်အခဲ ရှိသောကြောင့် မေးမြန်းခွင့်မရပေ။

အောင်ဆန်းဦး