ယာဉ်တိုက်မှုဖြစ်ရာမှ ကိုဗစ်လူနာတင်ကား စီးမိသဖြင့် အမျိုးသမီးလေးဦး ကွာရန်တင်းဝင်လိုက်ရ

0
1444
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့မှ အမျိုးသမီးနှစ်ဦး သည် ယာဉ်တိုက်မှုဖြစ်ရာ လူနာတင်ယာဉ်က လာရောက်ခေါ်ဆောင်ခဲ့သည်။ ယင်းနောက် ဆေးရုံသို့ ရောက်သွားခဲ့သည်။

အဆိုပါယာဉ်မှာ ထို့မတိုင်မီက ကိုဗစ်လူနာကို တင်ဆောင်ခဲ့သည့် ယာဉ်ဖြစ်နေသောကြောင့် ကွာရန်တင်းပါ ဝင်လိုက်ရသည်။

ဖြစ်စဉ်မှာ ထားဝယ်မြို့ ညောင်ရမ်း တောင်ရပ်ကွက်မှ အမျိုးသမီးနှစ်ဦးသည် စက်တင်ဘာလ ၂၄ ရက်က သရက်ချောင်း မြို့နယ်ရှိ ပိတိုင်ကျေးရွာတွင် အမျိုးသမီး နှစ်ဦးစီးလာသော အခြားဆိုင်ကယ်တစ်စီးနှင့် ယာဉ်မတော်တဆဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းနောက်တွင် အရေးပေါ်လူနာ တင်ယာဉ်တစ်စီးရောက်ရှိလာပြီး ၎င်းလေးဦးအား ထားဝယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အဆိုပါယာဉ်မှာ ရန်ကုန်တိုင်းမှ မြိတ်ခရိုင် ပလောက်မြို့သို့ ကြွလာသည့် သံဃာတော်များကို ပို့ဆောင်ပြီး ပြန်လာသောယာဉ်ဖြစ်သည်။

ထို့နောက် ရက်ပိုင်းအကြာတွင် ယင်းယာဉ်ဖြင့် ပို့ဆောင်ခဲ့သည့် သံဃာတော် ခုနစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ ရှိကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် အဆိုပါယာဉ်ကို စီးနင်းမိခဲ့သူ ၎င်းအမျိုးသမီးမှာလည်း ကွာရန်တင်းဝင်ခဲ့ရခြင်းဖြစ်သည်။ သို့သော် ၎င်းတို့အား ဓာတ်ခွဲစစ်ဆေးရာတွင်မူ ပိုးမတွေ့ကြောင်း အောက်တိုဘာလ ၁ ရက်က အဖြေထွက်ခဲ့သည်။

သို့သော် နောက်တစ်ကြိမ်စစ်ဆေး ရန်ရှိသေးသဖြင့် ထားဝယ်မြို့ အမှတ်(၃) ကျောင်းတွင် အသွားအလာကန့်သတ်ကာ ဆက်လက်ထားရှိဆဲဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း တစ်ဦးကပြောသည်။

တနင်္သာရီတိုင်း ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၏ အောက်တိုဘာလ ၂ ရက်အထိ ထုတ်ပြန်ထားချက်အရ တိုင်းအတွင်း စုစုပေါင်း ပိုးတွေ့လူနာ ၄၂ ဦးရှိပြီဖြစ်သည်။

ကျော်သူစိုး