ထီးခီးလမ်းအဆင့်မြှင့်မှု အလျင်စလိုမလုပ်ရန်နှင့် လျော်ကြေး သတ်မှတ်ရာတွင် ဒေသခံများပါဝင်နိုင်ရေး ဝန်ကြီးချုပ်ထံ စာတင်

0
457
Dawei Watch, Dawei News, Dawei News Media

လက်ရှိတွင် ကိုဗစ်ကပ်ဘေး ဖြစ် နေသည့်အတွက် ထီးခီးလမ်းအဆင့်မြှင့် တင်နေမှုကို အလျင်စလိုမလုပ်ဆောင် ရန်နှင့် သိမ်းဆည်းခံရမည့် မြေယာနှင့် သီးနှံများအတွက် လျော်ကြေး သတ်မှတ်ရာတွင် ဒေသခံများပါဝင်နိုင်ရေးကိစ္စများကို ဝန်ကြီးချုပ်ထံ စာပို့တင်ပြထားကြောင်း လူထုအခြေပြု ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ(ခမောင်း သွယ်ဒေသ)ထံမှ သိရသည်။

ကိုဗစ်ကပ်ဘေးကူးစက်မှု မြင့်တက်နေချိန်တွင် ရပ်ရွာအတွင်း အပြန်အလှန် ဆွေးနွေးခြင်းနှင့် မြေပြင်အချက်အလက် မှန်ကန်ရေးတို့ကို ဆောင်ရွက်ရန် အခက်အခဲများစွာရှိနေကြောင်း တင်ပြစာတွင် ဖော်ပြထားသည်။

ထားဝယ်မြို့ပေါ် မြေယာအငြင်းပွားမှု ခုနစ်ဦး အမှုနှစ်မှု ဖွင့်ခံရ

ထို့အပြင် လမ်းစီမံကိန်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များချရာတွင် မြေယာနှင့် သီးနှံဆုံးရှုံးရမည့်တောင်သူများ၊ ဒေသခံကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး ညှိနှိုင်းပေးရန်ဆိုသည့်အချက်လည်း ပါဝင်သည်။

အဆိုပါတင်ပြစာကို ဒေသခံ ရှစ်ဆယ်ဦးခန့်က လက်မှတ်ထိုးပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ လိပ်မူကာ စက်တင်ဘာလ ၂၁ ရက်နေ့က တင်ပြထားသည်။

အဆိုပါကိစ္စတွင် ပွင့်လင်းမြင်သာမှု အားနည်းနေခြင်းတို့ကြောင့် စာပို့တင်ပြခဲ့ကြောင်း လူထုအခြေပြု ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ(ခမောင်းသွယ်ဒေသ)ဥက္ကဋ္ဌ စောထိန်ဝင်းက ဆိုသည်။

“မြေယာထိခိုက်တဲ့လျော်ကြေးက သိပ်ပြီးတော့မပွင့်မလင်းဖြစ်ပြီးတော့လေ ပြည်သူတွေက သိပ်မသိလို့ အဲဒါ ပြန်စဉ်းစားပြီးတော့ လျော်ကြေးကလည်း တအားကြီးကွာဟနေတယ်ပေါ့။ အဲဒါကို ပြန်လည်စဉ်းစားပေးဖို့ရယ် ဒီကာလ ကြီးထဲမှာလည်း သိပ်အဆင်ပြေမယ်လို့ မထင်ဘူးလေ” ဟု စောထိန်ဝင်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ထီးခီးလမ်း လျော်ကြေးငွေပေးချေရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းကို မေးမြန်းရန် ပြောဆိုခဲ့သည်။ ကော်မတီဥက္ကဋ္ဌ ဝန်ကြီး ဦးမြင့်စန်းထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။

အဆိုပါကော်မတီ၏ တွဲဖက်အတွင်း ရေးမှူး-၂ ကမူ ထီးခီးလမ်းလျော်ကြေးနှင့် ပတ်သက်၍ လျော်ကြေးငွေပမာဏကို အတိအကျ မသတ်မှတ်ရသေးကြောင်း ပြောဆိုထားသည်။

ဝန်ကြီးချုပ်ထံ တင်ပြစာတွင် ကိုဗစ် ကူးစက်မှုကို ထိန်းချုပ်နိုင်ခြင်းမရှိသည့် အခြေအနေတွင် လမ်းအဆင့်မြှင့်တင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို အဆော တလျင်မလုပ်ရန်နှင့် ပွင့်လင်းမြင်သာပြီး အများပြည်သူပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေရောက်သည်အထိ ဆိုင်းငံ့ထားရန်ထားရန် တိုက်တွန်းထားသည်။

Dawei Watch