သတင်းအချက်အလက် နှေးကွေးခြင်းသည် ပြည်သူကို မထီမဲ့မြင် လုပ်ရာရောက်သည်

89
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ နေ့စဉ်လူမှုဘဝတွေမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရလေ့ရှိတယ်။ တချို့ဆုံးဖြတ်ချက်တွေက ဘဝနဲ့ သက်ဆိုင်သလို တချို့သောဆုံးဖြတ်ချက်တွေကတော့ အသက်တွေ၊ ပိုင်ဆိုင်မှု စည်းစိမ်ဥစ္စာတွေနဲ့လည်း သက်ဆိုင်နေပါတယ်။

ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အသက်၊ ဘဝ၊ ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချရာမှာ သတင်းအချက် အလက်ရရှိမှုအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရလေ့ရှိတယ်။ အစိုးရနဲ့ ဌာနဆိုင်ရာတွေရဲ့ မူဝါဒ၊ လုပ်ငန်းစဉ်၊ အမိန့်ညွှန်ကြားချက်တွေကို နားထောင်ပြီးမှ ဆုံးဖြတ်ရလေ့ ရှိတာပါ။

ဒီအခြေအနေတွေအရ ပြည်သူတွေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေရနိုင်ဖို့အရေးက တိကျသေချာတဲ့ သတင်း အချက်အလက်ကို မြန်မြန်ဆန်ဆန်နဲ့ ဘယ်လောက်အထိ ရရှိနေလဲဆိုတဲ့အပေါ် မှာ မူတည်နေပါတယ်။

သတင်းအချက်အလက်ရရှိပိုင်ခွင့်ကလည်း ပြည်သူတွေရဲ့ အခြေခံအခွင့် အရေးဖြစ်တဲ့အပြင် အခြေခံလူ့အခွင့်အရေးလည်း ဖြစ်ပါတယ်။ ပြည်သူတွေ မှန်ကန် တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့အရေး သတင်းအချက်အလက်ရရှိဖို့ကလည်း တာဝန်ယူ အုပ်ချုပ်နေတဲ့ သက်ဆိုင်ရာအစိုးရမှာ အဓိက တာဝန်ရှိတာပါ။

ဒီမိုကရေစီစနစ် ကျင့်သုံးရတဲ့အကြောင်းရင်းကလည်း ပြည်သူတွေရဲ့ အကျိုးစီးပွားဆောင်ရွက်ပေးဖို့အတွက် အစိုးရကို လစာပေးခန့်အပ် ထားတာလို့လည်း ပြောလို့ရပါတယ်။ ဆိုတော့ အများပြည်သူတွေသိသင့်တဲ့ သတင်းအချက်အလက်ကို ဗျူရိုကရေစီ ယန္တရားဖြစ်တဲ့ သက်ဆိုင်ရာဌာနတွေ မြန်မြန်ဆန်ဆန်ထုတ်ပြန်စေဖို့ကလည်း တာဝန်ယူထားတဲ့ အစိုးရမှာ အဓိက တာဝန်ရှိတယ်လို့ မြင်ပါတယ်။

အခုလို ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ် ဘေးဖြစ်နေတဲ့အချိန်မှာဆို ပြည်သူတွေ သတင်းအချက်အလက်ရရှိဖို့က အင်မတန်မှကို အရေးကြီးလှပါတယ်။ သက်ဆိုင်ရာဌာနက မြန်ဆန်စွာ ထုတ်ပြန်နိုင်မှသာ ပြည်သူတွေက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပြီးဘေးကင်းလုံခြုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

ကိုဗစ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်က သက်ဆိုင်ရာဌာနအတွက် ထူးခြားချင်မှ ထူးခြားမှာပါ။ ဒါပေမဲ့ ပြည်သူတွေအတွက်တော့ အသက်တမျှ အရေးကြီးနေတယ်ဆိုတာ သတိချပ်စေ ချင်တာပါ။ ဥပမာအနေနဲ့ ပြောရရင် ထားဝယ်မြို့မှာ စက်တင်ဘာလ ၁၁ ရက်နေ့ညက ဖြစ်သွားတဲ့ဖြစ်စဉ်က သက်သေပါ။

ထားဝယ်မြို့နေ အမျိုးသားတစ်ဦးမှာ ကနဦးစစ်ဆေးချက်အရ ကိုဗစ်ရောဂါရှိနေတဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာမှာ ဟိုးလေးတကျော် ပျံ့နှံ့လာတယ်။

အဲဒီသတင်း ပျံ့နှံ့ပြီးတဲ့နောက် ပြည်သူတွေထဲ စိုးရိမ်ထိတ်လန့်မှုတွေ၊ အွန်လိုင်းပေါ် အငြင်းပွားမှုတွေမှတစ်ဆင့် တရားစွဲမယ်ဆို့ ပြောဆိုကြတဲ့အထိ ငြင်းခုံနေကြတာ မြင်ရမှာပါ။ ကနဦး စစ်ဆေးရာမှာ ပိုးတွေ့တယ်လို့ဆိုတဲ့ အမျိုးသားနဲ့ ထိတွေ့ဆက်စပ်မိတဲ့သူ အတော်တော်များများလည်း ထိတ်လန့်ကုန်ကြတယ်။ သူတို့ကိုလည်း ရောဂါ ကူးစက်ခံခဲ့ရပြီလား၊ ဘယ်လိုဆက်လုပ်ရလဲ စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ထိတ်လန့်ကုန်တယ်။

ဒါပေမဲ့ အဲဒီအချိန်မှာ အဓိကတာဝန်ရှိတဲ့ ကျန်းမာရေးဌာနနဲ့ တိုင်း အစိုးရတို့က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး လုံးဝမရှိခဲ့ပါဘူး။ အဲဒီအမျိုးသားမှာ ပိုးတွေ့ခြင်း/မတွေ့ခြင်းကို ချက်ချင်း မထုတ်ပြန်နိုင်သေးတာကို နားလည် ပေးလို့ရပေမဲ့ လက်ရှိဆောင်ရွက်ထားတဲ့ အခြေအနေတွေကိုတော့ ထွက်ပြီး ရှင်းပြသင့်လို့ မြင်ပါတယ်။

အခုတော့ သက်ဆိုင်သူတွေက ရေငုံနှုတ်ပိတ်နေလေတော့ ပြည်သူတွေက ထပြေးရမှာလား၊ ထိုင်နေရမှာလား စတဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်ဘဲ စိုးရိမ် စိတ်တပြုံကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီလို အချိန်မျိုးမှာ ပြည်သူတွေ သတင်း အချက်အလက်သိပိုင်ခွင့်အတွက် ပြောရေးဆိုခွင့်တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခန်းကဏ္ဍကလည်း အင်မတန် အရေးကြီးလှတယ်ဆိုတာ သတိချပ်စေ ချင်ပါတယ်။

ပြောရေးဆိုခွင့်ရှိသူတွေမှာ များပြားလှတဲ့ ဌာနရဲ့ မူလတာဝန်တွေ ရှိတယ်ဆိုတာသိပေမဲ့ သတင်းအချက်အလက်ကို အချိန်မီ ထုတ်ပြန်ပေးနိုင်ဖို့ကလည်း အင်မတန် အရေးပါလှပါတယ်။ အခုတော့ ပြောရေးဆိုခွင့်ရှိသူတွေကိုယ်တိုင်က လက်ရှိဖြစ်စဉ်တွေကို ပြည်သူတွေသိဖို့အရေး ကြားခံလုပ်ဆောင်နေကြတဲ့ သတင်းမီဒီယာရဲ့ ဖုန်းဆက်မေးမြန်းမှုကို ပြန်မဖြေကြတော့တဲ့ အနေအထားက ရင်လေးစရာကောင်းလှပါတယ်။

ဒီလိုမျိုး အခြေအနေမှာ ပြည်သူတွေ သတင်းအချက်အလက်ကို မြန်မြန်ဆန်ဆန် မထုတ်ပြန်တဲ့ အကျိုးဆက်အနေနဲ့ ပြည်သူတွေကြားမှာ ကောလ ဟလသတင်းတွေက ပလူပျံနေတော့တာပါ။

အဲဒီလိုအခင်းအကျင်းမျိုးမှာ ပြည်သူတွေကို တိုက်ရိုက်တာဝန်ခံထားရတဲ့ တိုင်းအစိုးရကလည်း တစ်စုံ တစ်ရာ ထုတ်ပြန်ခဲ့တာ မရှိခဲ့သလို သက်ဆိုင်ရာဌာနကိုလည်း ဖိအားပေး ညွှန်ကြားတာမျိုး မရှိခဲ့ဘူးလို့ပဲ ထင်ပါတယ်။ အခုတော့ ဖြစ်စဉ်ဖြစ်ပြီး သုံးရက်ခန့်ကြာမှ ကနဦးစစ်ဆေးချက်ရလဒ်ကို ချက်ချင်းမထုတ်ပြန်နိုင်ခဲ့တဲ့ အကြောင်းအရင်းကို ထုတ်ပြန်လာတာ တွေ့ရတယ်။

သတင်းအချက်အလက် ထုတ်ပြန်တယ်ဆိုတဲ့နေရာမှာလည်း ဆိုရှယ် ပလက်ဖောင်းကနေ ထုတ်ပြန်သလို စတုတ္ထမဏ္ဏိုင်လို့ အစိုးရက သတ်မှတ်ထားတဲ့ သတင်းမီဒီယာကနေတစ်ဆင့်လည်း ထုတ်ပြန်ဖို့လိုပါတယ်။ သတင်း မီဒီယာဥပဒေမှာလည်း နိုင်ငံသားတိုင်း၏ သိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် သတင်းမီဒီယာက အရေးကြီးတယ်လို့ ဖော်ပြထားတယ်။

ဒါ့အပြင် သတင်းမီဒီယာသမားက ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ အမိန့် ညွှန်ကြားချက်ဖြင့် လုံခြုံရေး အဆင့် အတန်း သတ်မှတ်ထားသော စာရင်းဇယား၊ ဓာတ်ပုံ၊ မှတ်တမ်းရေးသားချက်များမှ အပ အများပြည်သူသိခွင့်ရှိသော သတင်း အချက်အလက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများထံမှ တောင်းယူကြည့်ရှု ခွင့်ရှိတယ်လို့ သတင်းမီဒီယာဥပဒေမှာ တိတိကျကျဖော်ပြထားတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်က လုံခြုံရေး အဆင့်အတန်း သတ်မှတ်ထားတဲ့ အချက် လည်း မဟုတ်ပါဘူး။ ပြည်သူတွေ စောစောသိမှ ရောဂါမကူးစက်အောင် အချိန်မီ လိုက်နာဆင်ခြင်နိုင်မည် မဟုတ်ပါလား။

ဒီနေရာမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးဌာန က တရားဝင်ထုတ်ပြန်မှ အတည်ဖြစ် တာကို နားလည်ပါတယ်။ လူနာရဲ့ အတွင်းရေးကိစ္စတွေကို ထုတ်ပြန်လို့ မရတာလည်း သိပါတယ်။ ဒါပေမဲ့ ပြည်သူတွေ စိုးရိမ်ပြီး ကောလဟလသတင်းတွေ ပြန့်နေတဲ့အချိန်မှာတော့ အခြေအနေအမှန်ကို ထုတ်ပြန်ပြောဆိုဖို့ တာဝန်ရှိပါတယ်။

ဒါပေမဲ့ သက်ဆိုင်ရာအစိုးရ/ဌာန အနေနဲ့ကလည်း စိုးရိမ်နေတဲ့ ပြည်သူတွေကို ရှင်းပြစရာမလိုဘူးလို့ ထင်နေရင်တော့ အမှောင်ခေတ်ကို ခုံမင်နေကြတဲ့သူတွေလို့ပဲ အားနာစွာနဲ့ ခေါင်းစဉ် တပ်ပါရစေ။

ဟိန်းနောင်