ကိုဗစ်နှင့် မြိတ်မြင်ကွင်းစုံ

0
285
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည် ပြုလူနာ ငါးဦး ရှိသွားပြီ။

အသွားအလာကန့်သတ်ထားသော ကိုဗစ်ပိုးတွေ့ရှိသူ နှစ်ဦးနေထိုင်သည့် ကန်ခေါင်းရပ်ရှိ မေတ္တာလမ်းနှင့် ၎င်းတို့ ၏မိသားစုဝင်များ နေထိုင်သည့် ပါရမီ ရပ်ကွက်ရှိ မာန်ပြေလမ်းတို့အား စက်တင်ဘာလ ၁၆ ရက်နေ့မှစပြီး ၁၄ ရက်ကြာ အသွားအလာကန့်သတ်ခဲ့ သည်။

မြို့တွင်းလမ်းမများပေါ်တွင် ယာဉ်နှင့် လူအသွားအလာ နည်းပါးလာပြီး သွားလာနေသူအများစုမှာ နှာခေါင်းစည်းများ တပ်ဆင်လာကြသည်။

ဒုတိယလှိုင်းအတွက် ကိုဗစ်ကန့်သတ်ချက်များ

အစားအသောက်နှင့် ဆက်စပ် အရောင်းဆိုင်များမှာ မြိတ်မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီတချို့မှာ ပိတ်ထားခြင်း၊ ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်များတွင် ရောင်းချသူတို့မှာ နှာခေါင်းစည်းများ တပ်ဆင်ထားပြီး ဝယ်ယူသူများအနေဖြင့် နှာခေါင်းစည်းတပ်ကာ ဆိုင်အပြင်ဘက်မှ ဝယ်ယူရခြင်းတို့ ပြုလုပ်လာခဲ့ကြသည်။

ဖွင့်လှစ်ရောင်းချနေသည့် ကုန်စုံ ဆိုင်တို့တွင် ဝယ်ယူသူနည်းပါးလာသဖြင့် ဆိုင်များအား ပုံမှန်ပိတ်ချိန်ဖြစ်သည့် ညကိုးနာရီအချိန်ထက် နှစ်နာရီခန့်စောစွာ ပိတ်ခဲ့ရကြောင်း ကုန်စုံဆိုင်အသိုင်း အဝိုင်းမှ သိရသည်။

“အရောင်းအေးတယ် လူတွေက တအားပါးသွားတာကိုး” ဟု မြိတ် တောင်ရပ်ရှိ ကုန်စုံအရောင်းဆိုင်ရှင်တစ် ဦးက ပြောသည်။

ကွမ်းယာဆိုင်တို့တွင် ကြိုးတန်းတားထားသည့် ခြောက်ပေအကွာမှ ဝယ်ယူစေခြင်း၊ လက်ဖက်ရည်ဆိုင် အများစုတွင် လက်ဆေးဘေစင်များ၊ လက်သန့်ဆေးရည်များထားခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်သူများသာ ဆိုင်အတွင်းဝင်ရန်တို့အား စနစ်တကျ ပြုလုပ်မှုများ ရှိလာခဲ့သည်။

ဆိုင်တွင် လက်ဖက်ရည်ထိုင် သောက်သူဦးရေမှာ နည်းပါးလာသဖြင့် ရောင်းအားကျဆင်းမှုများနှင့် ကြုံတွေ့ နေရကြောင်းလည်း ဆိုင်အချို့ထံမှ သိရသည်။

ရပ်ကွက်တွင်းရှိ ဘေးတွဲဆိုင်ကယ်များဖြင့် ရောင်းချကြသည့် မနက်ခင်း ဈေးပြေးယာဉ်တွင် လက်သန့်ဆေးရည် များထားခြင်း၊ ရောင်းချသူနှင့် ဝယ်ယူသူတို့မှာ နှာခေါင်းစည်းတပ်ဆင်မှုများ ပြုလုပ်လာကြကြောင်း သိရသည်။

“ဈေးပြေးသယ်တွေ နှာခေါင်းစည်း တပ်ရောင်းတာ ဒီမနက်မှ စတွေ့ရတယ်” ဟု ဇေယျာသီရိ ၄ ရပ်ကွက်နေ အသက် ၅၀ နှစ်ကျော်ရှိ အိမ်ရှင်မတစ်ဦးက ပြောသည်။

ထမင်းဟင်းအရောင်းဆိုင်အချို့မှာ ပါဆယ်ဖြင့် ဝယ်ယူသည့်စနစ်အား ပြန်လည်ကျင့်သုံးလာကြသည်။

“မြိတ်မှာ ကိုဗစ်ပိုးတွေ့တယ်လို့ စကြားကတည်းက ပါဆယ်နဲ့ပဲရောင်းနေတာ အခုထိပဲ” ဟု နောက်လယ်ရပ်ရှိ ထမင်းအရောင်းဆိုင်ရှင် အမျိုးသမီးက ပြောသည်။

ထို့ပြင် ကွန်ပျူတာစာစီ၊ မိတ္တူကူး လုပ်ငန်းဆိုင်တချို့မှာ ယာယီပိတ်ထားကြသည်။

ဆေးအရောင်းဆိုင်များနှင့် ဆေးရုံ မြိတ်ပြည်သူ့ဆေးရုံကြီးတွင် လူနာနှင့် လူနာစောင့်တစ်ဦးသာ ဝင်ခွင့်ရှိပြီး ဖောက်ဖျက်ပါက ကိုဗစ်-၁၉ ကူးစက်ကာကွယ် ထိန်းချုပ်ရေးဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့က Myeik Public Hospital ၏ လူမှုကွန်ရက်စာမျက်နာပေါ်တွင် အသိပေးကြေငြာထားသည်။

ဆေးအရောင်းဆိုင်များမှာ ဆိုင်ခန်းတံခါး၏ တစ်ဝက်သာဖွင့်လှစ်ထားပြီး ဆိုင်အပြင်ဘက်မှ ဝယ်ယူစေခြင်းတို့ ပြုလုပ်ထားကြသည်။

ကျေးရွာအခြေအနေ
မြိတ်တွင် စက်တင်ဘာလ ၁၄ ရက် နေ့က ကိုဗစ်ပိုးတွေ့ရှိသူ နှစ်ဦးရှိလာကြောင်း ကျန်းမာရေးဌာနက ကြေညာပြီးနောက် ကျေးရွာအချို့တွင် ပြင်ပမှ လာရောက်သူများအား ကွာရန်တင်း စခန်းဝင်စေပြီးမှ ရွာတွင်းသို့ ဝင်ခွင့်ပေး မည့် အစီအစဉ်တို့အား ပြုလုပ်ရန် စီစဉ်နေကြကြောင်း တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့ထံမှ သိရသည်။

တနင်္သာရီမြို့နယ်၊ တကူးကျေးရွာ အုပ်စုရှိ ရွာများသို့ Stay Home သတ်မှတ်ထားသည့်မြို့နယ်များမှ ပြန်လာသူများအား မိမိစရိတ်ဖြင့် ကျေးရွာရှိ ကွာရန်တင်းစခန်း ဝင်ရမည်ဖြစ်ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးက စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ကျေးရွာတို့ရှိ လက်ဖက်ရည်၊ ကွမ်းယာ၊ အရက်ဆိုင်တို့အား ပါဆယ်စနစ်ဖြင့်ရောင်းချရန်နှင့် နှာခေါင်းစည်း မတပ်ဆင်ထားသူများအား ဒဏ်ငွေ ကျပ်ငါးရာပေးဆောင်ရန်တကူ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားသည်။

မြင့်မိုရ်(မြိတ်)