ဒုတိယလှိုင်းအတွက် ကိုဗစ်ကန့်သတ်ချက်များ

0
317
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ဒုတိယလှိုင်းတွင် ကူးစက်နှုန်းမြင့်နေသည့်အတွက် တနင်္သာရီတိုင်းအတွင်း စည်းကမ်းကန့်သတ် ချက်အချို့ကို ထပ်တိုးလိုက်သည်။

ထပ်တိုးလိုက်သည့် စည်းကမ်းသတ်မှတ်ချက်များတွင် လက်ဖက်ရည် ဆိုင်၊ စားသောက်ဆိုင်ကိစ္စ၊ ကုန်တင်ကားကိစ္စ၊ ဈေးကိစ္စနှင့် စေတနာ့ဝန်ထမ်း ကိစ္စများ ပါဝင်သည်။ စက်တင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်သည့် တိုင်းဒေသကြီး ကိုဗစ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆိုင်များ ပါဆယ်သာ ရောင်းရမည်

တနင်္သာရီတိုင်းအတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအနေနှင့် ပါဆယ်သာရောင်းချရန် ပြန်လည် သတ်မှတ်လိုက်ပြီဖြစ်သည်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်တက်နေချိန်တွင် ကူးစက်မှုထိန်းချုပ်နိုင်ရန် ယင်းကဲ့သို့ ကန့်သတ်ရခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

ကုန်တင်ကားဝင်/ထွက်ခွင့် အချိန်ကန့်သတ်

တိုင်းပြင်ပမှ လာသည့် ကုန်တင်ကားများကို ထားဝယ်မြို့တွင်း ဝင်ခွင့်မပေးတော့ဘဲ မောင်မယ်ရှောင် ကျေးရွာ(ဘုရားမဲ)အနီးရှိ ဘောလုံးကွင်းတွင် ရပ်နားရမည်ဖြစ်သည်။

ယင်းနေရာတွင် ရပ်နားပြီး ကုန်ပစ္စည်းများကို ခေါက်တိုကားဖြင့်သာ မြို့တွင်းသို့ သယ်ယူပို့ဆောင်ရမည် ဖြစ်သည်။

မြိတ်နှင့် ကော့သောင်းဆက်သွားမည့် ကုန်ကားများကိုမူ ဆက်သွားခွင့်ပြု မည်ဖြစ်သည်။

ကုန်ကားများ ထားဝယ်သို့လာပါက ရောက်ရှိချိန်မှ ပြန်သွားသည့် အချိန်အထိ အချိန် နှစ်ရက်၊ မြိတ်မြို့သို့ သွားပါက ငါးရက်နှင့် ကော့သောင်းသို့ သွားပါက ခုနစ်ရက် သတ်မှတ်ပေးထားသည်။

ယင်းကိစ္စကို ကြပ်မတ်ရန် ကုန်ကားမောင်းသူများကို ထားဝယ်မြို့အဝင်တွင် လက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

စည်ပင်သာယာဈေးဆိုင်များ အလှည့်ကျ စနစ်ဖြင့်သာ ရောင်းရမည်

စည်ပင်သာယာဈေးရှိ ဈေးဆိုင်များကို တစ်ဆိုင်ခြား အလှည့်ကျစနစ်ဖြင့်သာ ရောင်းခွင့်ပြုတော့မည်ဖြစ်သည်။

ဥပမာအားဖြင့် ဈေးဆိုင်များကို စုံ/မ ဂဏန်းများ သတ်မှတ်ပေးပြီး စုံဂဏန်း တစ်ရက်၊ မဂဏန်းတစ်ရက် သပ်သပ်စီ ရောင်းချစေခြင်းမျိုးဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့က အမိန့် ထုတ်မည်ဖြစ်သည်။

KTV၊ မာဆတ်၊ ပြည့်တန်ဆာလုပ်ငန်းများကို ပိုက်စိပ်တိုက်ရှာပြီး ဖမ်းမည်

ကိုဗစ်စတင်ဖြစ်ပွားချိန်မှစတင်ကာ တိုင်းအတွင်းရှိ KTV ၊ မာဆတ်များကို ပိတ်ထားရန် ညွှန်ကြားချက်ထုတ်ပြန် ထားသည်။

သို့ရာတွင် လိုက်နာမှုမရှိသည့်အတွက် သြဂုတ်လလယ်ပိုင်းတွင် ဒုတိယအကြိမ် တားမြစ်အမိန့် ထပ်မံ ထုတ်ပြန်ခဲ့ရသည်။

ကူးစက်မှုမြင့်တက်နေသည့် လက်ရှိ အချိန်တွင် KTV၊ မာဆတ်၊ ပြည့်တန် ဆာလုပ်ငန်းများကို ပိုက်စိပ်တိုက်ရှာပြီး ထိထိရောက်ရောက် အရေးယူမည်ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

“ဒီအချိန်မှာ မလုပ်နဲ့လို့ မေတ္တာရပ်ခံထားလျက်နဲ့ လုပ်ရင်တော့ အရေးယူမှာပေါ့ဗျ” ဟု ဗိုလ်မှူးကြီးကျော်ဇေယျ က ပြောသည်။

ရန်ကုန်တိုင်းနှင့် ရခိုင်မှ လာပါက စောင့်ကြည့်စခန်းတွင် မိမိစရိတ်ဖြင့်နေရမည်

ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်မှ လာရောက်ပါက စောင့်ကြည့်စခန်းတွင် မိမိစရိတ်ဖြင့် သတ်မှတ်ရက်အတိုင်း နေရမည်ဖြစ်ကြောင်း တိုင်းကိုဗစ်ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

သို့ရာတွင် ထိုင်းနိုင်ငံတွင် ထောင်ကျပြီး မြဝတီဘက်မှဝင်လာသော အခက်အခဲရှိသူများကိုမူ တတ်နိုင်သမျှ ကျွေးမွေးမည်ဖြစ်ဟုဆိုသည်။

“ကိုယ့်အိပ်ရာလိပ်၊ ကိုယ့်စရိတ်နဲ့ ကိုယ်လာခဲ့ပါ။ မဝင်လို့တော့ မရဘူးပေါ့” ဟု ၎င်းက ဆိုသည်။

မြို့အဝင် ကျန်းမာရေးစစ်ဆေးရေး ဂိတ်တွင် စေတနာ့ဝန်ထမ်းကို တာဝန် မပေးတော့

မြို့အဝင် ကျန်းမာရေးစစ်ဆေး သည့်ဂိတ်များတွင် စေတနာ့ဝန်ထမ်းများကို တာဝန်မပေးရန် တိုင်းကိုဗစ် ကော်မတီက ဆုံးဖြတ်ခဲ့သည်။

အခြားတိုင်းနှင့်ပြည်နယ်အချို့တွင် စေတနာ့ဝန်ထမ်းအချို့မှာ ဥပဒေလုပ်ထုံး လုပ်နည်းမသိသည့်အတွက် နားလည်မှုလွဲပြီး ပြဿနာတက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုကြောင့် မြို့အဝင် ကျန်းမာရေး စစ်ဆေးသည့် ဂိတ်များတွင် စေတနာ့ ဝန်ထမ်းများကို တာဝန်မပေးရန် ပြည်ထောင်စုအဆင့်က ညွှန်ကြားလာသည့်အတွက် ယင်းကဲ့သို့ ကန့်သတ်ရခြင်းဖြစ်ကြောင်း တိုင်းကိုဗစ်ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျ က ဆိုသည်။

သို့ရာတွင် စေတနာ့ဝန်ထမ်းများ အနေဖြင့် ဆေးဖျန်းခြင်း၊ စောင့်ကြည့် စခန်းများတွင် ကူညီပေးခြင်း၊ ရပ်ရွာအတွင်း ကျန်းမာရေးအတွက် ဆော်သြအသိပေးခြင်း စသည့်လုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်နိုင်ကြောင်း ၎င်းက ဆိုသည်။

အထက်ပါ ကန့်သတ်လိုက်သည့် စည်းကမ်းချက်များ လိုက်နာစေရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များက ကြီးကြပ်ထိန်းသိမ်း ရမည်ဖြစ်ပြီး ပြည်သူကလည်း ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်ပထမလှိုင်းဖြစ်ပွားချိန်ကလည်း ယင်းကဲ့သို့စည်းကမ်းချက်များ ကန့်သတ်ခဲ့ဖူးပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ ကြပ်မတ်မှု အားနည်းခဲ့သည့် အပေါ် ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။

Dawei Watch