စတေးအက်ဟုမ်းရဲ့နောက်ကွယ်

0
315

ကိုဗစ်-၁၉ ယာဉ်ဟာ မြန်မာနိုင်ငံမှာ အခုချိန်မှာ အရှိန်ကောင်းကောင်းနဲ့ မောင်းနှင်နေတယ်။ ရခိုင်ပြည်နယ်မှာတော့ အရှိန်နည်းနည်းတန့်နေတယ်။ ဒါပေမဲ့ လူဦးရေ ခုနစ်သန်းလောက်နေထိုင်တဲ့ ရန်ကုန်လိုမြို့ကြီးမှာ အရှိန်ကထိန်း မရဖြစ်နေသေးချိန်မို့ စိုးရိမ်စရာတော့ အတော်ကောင်းသား။ နောက်ပြီးတော့ ရန်ကုန်ဆိုတာ စီးပွားရေးမြို့တော်။ ကျန်းမာရေးအတွက်ဆိုလည်း ရန်ကုန်ကိုပဲ အားကိုးနေရဆဲ။ ဆိုတော့ သူဟာ မြန်မာနိုင်ငံရဲ့ အချက်အချာ အသည်းနှလုံး နေရာတစ်ခု။

ရန်ကုန်မှာ မထိန်းနိုင်သေးသမျှ တစ်နိုင်ငံလုံး စိတ်အေးလို့မရ။ ဆိုတော့ နေ့စဉ်နဲ့အမျှ ရန်ကုန်အခြေ အနေကိုပဲ မျက်ခြည်မပြတ် စောင့်ကြည့် နေရတယ်။ အခုချိန်ထိတော့ ရန်ကုန်ဟာ အားကောင်းမောင်းသန်နဲ့ ကူးလို့စက် လို့ကောင်းနေတုန်း။

ကိုယ့်ဒေသမှာ Stay at Home (အိမ်မှာပဲနေခြင်း) နေစရာမလိုသေးပေမဲ့ တတ်နိုင်သလောက် အိမ်ထဲမှာနေဖြစ် တယ်။ အပြင်ကို ထွက်ဖြစ်ရင်လည်း Mask တပ်သွားတယ်။ ပြန်လာရင် လက်ကို ဖြစ်အောင်ဆေးတယ်။ အဝတ်လဲတယ်။ ရေချိုးတဲ့ အဆင့်တော့ မလုပ် ဖြစ်သေး။ ကျွန်တော်တို့ဆီမှာ မလေးပြန် တစ်ယောက်ကလွဲရင် Positive လူနာက လုံးဝမရှိသေး။

ဆိုတော့ ရေချိုးတာကိုတော့ မလုပ်ဖြစ်။ ဒါပေမဲ့ ရောဂါပိုးက မျက်စိနဲ့မြင်ရတာမျိုးမဟုတ်ဆိုတော့ သတိတော့ ထားသင့်သလောက် ထားနေရတယ်။ အိမ်မှာက အသက်ကြီးတဲ့သူ မရှိပေမဲ့ သုံးနှစ်ဝန်းကျင်နဲ့ ခြောက်နှစ်ခွဲကျော် ကလေးနှစ်ယောက်ရှိနေတော့ သူတို့အတွက် ဂရုစိုက်နေရတယ်။

ကိုဗစ်သက်တမ်းက ရှည်လာတာနဲ့အမျှ အိမ်တွင်းပုန်းရတဲ့ အချိန်တွေကလည်း များလာတယ်။ အိမ်တွင်းမှာ အနေများရင် လူက လန်းလန်းဆန်းဆန်း မရှိပြန်။ နောက်ပြီး မလိုအပ်ဘဲနဲ့ အပြင်ထွက်ပြန်ရင်လည်း ရောဂါကူးစက်ခံရမှာကို ကြောက်နေရသေးတယ်။ ဆိုတော့ စာအုပ်၊ ဖုန်း၊ တီဗီနဲ့ တစ်နေကုန်တစ်နေခမ်း အချိန်မကုန်ကုန်အောင် ဖြတ်သန်း နေရတော့တယ်။ ဒီတော့ လူကပိုပြီးတော့ ပင်ပန်းလို့နေပြန်တယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းတာက အဆိုးဆုံး။

ဒါတင်ပဲလားဆိုတော့ ရုပ်ပိုင်းဆိုင်ရာကလည်း သွက်လက်တက်ကြွမှုနည်းလာတယ်။ ခန္ဓာကိုယ်က လေးလံထိုင်း မှိုင်းနေတော့တယ်။ ဦးနှောက်ကလည်း အချိန်နဲ့အမျှ နောက်ကျိနေတယ်။ ဒီလို သာဆက်သွားနေရရင် ရောဂါတစ်မျိုးမျိုး ဝင်လာမှာကို ကြောက်နေမိတော့တယ်။ နေ့စဉ်နဲ့အမျှ အလုပ်ကိစ္စ၊ ငွေရေးကြေးရေးကိစ္စတွေကို တွေးနေရတာကလည်း လူကို နှစ်ဆပိုပြီးတော့ ပင်ပန်းစေတယ်။

အလုပ်လုပ်နေရရင် ငွေရေးကြေးရေး ဆိုတာက သူ့ဟာနဲ့သူလည်ပတ်နေတော့ အခက်အခဲတွေကို ဖြေရှင်းရတာ သိပ်တော့ မခက်ခဲ။ အလုပ်လုပ်နေရရင် လူကလည်း လန်းဆန်းနေတယ်။ အရင်က ကိစ္စ သေးသေးလေးတွေဟာ ကိုဗစ်ကာလမှာတော့ ကိစ္စအကြီးကြီးတွေကို ဖြစ်လို့။

လူကြီးတွေက လူကြီးအလိုက် အခက် ကြုံနေရချိန်မှာ ကလေးတွေကလည်း ကလေးတွေအလျောက် အခက်အခဲဖြစ် နေပြန်တယ်။ ကျောင်းသွားရမယ့်အချိန် ကျောင်းမသွားရတော့ စာသင်ကြားရေးမှာ အဆက်ပြတ်နေပြန်တယ်။ စာရေး ခိုင်းပြန်ရင်လည်း တစ်မျက်နှာထက် ပို မရေးချင်ပြန်ဘူး။ အရင်က တီဗီလောက်နဲ့ ချော့သိပ်ထားလို့ရပေမဲ့ အခုတော့ ဖုန်းကိုပါတောင်းဆိုလာပြန်တယ်။

Wifi ရှိနေတာ သိနေတော့ အချိန်တော်တော်များ ဖုန်းနဲ့ပဲ နေချင်လာကြတယ်။ တီဗီက သူလွှင့်ပေးတာပဲကြည့်ရတယ်။ ဖုန်းက ကိုယ်လိုချင်တာ ရွေးလို့ရတော့ ကလေးတွေက ဖုန်းကို ပိုကြိုက်လာတယ်။ မိဘတွေအနေနဲ့လည်း ကိုယ်ကိုယ်တိုင်တောင် ပျင်းလို့သေတော့မလောက်ဖြစ် နေတော့ ကလေးတွေဆို ပိုဆိုးနေမှာပဲဆိုပြီး လိုက်လျောပေးမိပြန်ရော။

ဒီလိုနဲ့ပဲ Screen Time က အရမ်းများလာတယ်။ တစ်နေ့ နှစ်နာရီထက် ကျော်လွန်သွား တော့တယ်။ ကလေးတွေအတွက် Screen Time က နှစ်နာရီထက်ပိုသွားရင် Retina ထိခိုက်တယ်ဆိုတာ သိနေပေမဲ့လည်း ဒါကိုထိန်းဖို့ နည်းလမ်းက လက်တွေ့မှာ ရှာမရသေး။ ဒီအတိုင်းသာ ဆက်သွား နေရင်တော့ သိပ်မကြာခင်မှာ မျက်မှန်တပ်ကြရတော့မယ်။

လင်မယားနှစ်ယောက်ကြားမှာလည်း အတူနေရချိန်များလာတော့ လျှာခလုတ်တိုက်တာတွေ များလာတယ်။ စီးပွားရေးအကြောင်း၊ ငွေကြေး အကြောင်းပါလာရင် တိုင်းရေးပြည်ရေး အခြေအနေက ပိုပြီးတင်းမာလာတော့ တယ်။ ဒီကြားထဲ ကလေးတွေက အချင်းချင်း ရန်ဖြစ်ကြ၊ ပြေးကြလွှားကြနဲ့ တဝုန်း ဝုန်းတရုန်းရုန်းဆိုတော့ ပိုပြီးစိတ်ရှုပ်ရ ပြန်တယ်။ တစ်ခါတလေ စာလေးဘာလေး အေးအေးဆေးဆေးဖတ်ချင်လည်း ဖတ်လို့မရ။

သူတို့မှာလည်း ကစားဖော်က မရှိဆိုတော့ ကိုယ့်ကိုပဲအတင်း လာကပ် နေကြပြန်တော့တယ်။ အရင်က ကျောင်း သွားချိန်၊ မူကြိုသွားချိန်၊ သင်တန်းသွား ချိန်တွေဟာ မိဘတွေအတွက် လွတ်လပ် ရေးရချိန်ပါ။ အခုတော့ အဲဒီအချိန်တွေက ကိုယ့်ဆီမှာပဲ ဂိတ်လာဆုံးနေတော့တယ်။ ဒီတော့ တစ်ခါတစ်လေ မိဘနဲ့ သားသမီး တွေကြားမှာတောင် ပဋိပက္ခတွေဖြစ်နေ ရပြန်တယ်။

ကိုဗစ်ဟာ အိမ်တွင်းဓာတ်မတည့်မှုကို ဖြစ်စေတယ်။ လူကြီးရော ကလေးတွေကိုပါ စိတ်ဖိစီးမှု ဖြစ်စေတယ်။ အရာရာတိုင်းဟာ သူဟာနဲ့သူ အံဝင်ခွင်ကျ ဖြစ်မနေတော့ဘူး။ ကိုဗစ်ဂယက် ကနေ လွတ်မြောက်နိုင်မယ့်နေရာ ရှိရင် သိပ်ကောင်းမှာပဲ။ ကိုဗစ်ရဲ့ရိုက်ခတ် မှုဒဏ်ကို ဘယ်လောက်ကြာကြာတောင့် ခံကြရဦးမလဲမသိ။ အခုတော့ ချည့်နဲ့ အားလျော့လို့လာနေပါပြီ။ အခုချိန်မှာ ရောဂါဘေးက လွတ်နေသေးလို့သာ အနည်းငယ် တော်ကာကျနေတော့တယ်။

ပစ္စုပ္ပန်အခြေအနေကိုတောင်မှ ဆုပ်ကိုင်ထားဖို့ မလွယ်တဲ့အနေအထားမှာ မနက်ဖြန်တိုင်းဟာ မျှော်လင့်ချက်မျှသာ။ အခု ကိုဗစ်-၁၉ ကထပ်နှိပ်စက်တော့ အနာဂတ်ဆိုတာ ပိုပြီးအလှမ်းကွာ သွားသလို ခံစားနေရတယ်။ အရာရာတိုင်းဟာ အနတ္တသဘောဆိုပေမဲ့ ကိုဗစ်- ၁၉ ကတော့ ဘယ်လောက်ထိ ဆက်ရှိ နေဦးမယ်မှန်းမသိ။ Stay at Home ကရော ဘယ်လောက်ကြာကြာ ထပ်နေ ကြရဦးမလဲ. . . ။

သန်းဇော်ဦး(ရလိုင်)