လောင်းကစားမှုဖြင့် တရားစွဲခံရသည့် KTV ပိုင်ရှင်အား ထောင်ဒဏ် တစ်နှစ်ခွဲချ

0
1508

KTV ပိုင်ရှင်တစ်ဦးပါဝင်သည့် လောင်းကစားအမှုတွင် ထောင်ဒဏ်တစ် နှစ်ခွဲချမှတ်လိုက်ကြောင်း ထားဝယ်မြို့ နယ် တရားရုံးထံမှ သိရသည်။

ယမန်နှစ် ဇွန်လက ထားဝယ်မြို့ရှိ အသက် ၄၅ နှစ်အရွယ် KTV ပိုင်ရှင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ လောင်း ကစားပစ္စည်းများ၊ လောင်းကြေးငွေကျပ် ၆၅ သိန်းကျော်နှင့် ထိုင်းဘတ်ငွေ တစ်ထောင်ကျော်ကို ဖမ်းမိခဲ့သည့် အမှုဖြစ်သည်။

အဆိုပါအမှုတွင် KTV ပိုင်ရှင်အပါ အဝင် စုစုပေါင်း ၁၅ ဦးကို လောင်းကစားဥပဒေပုဒ်မ- ၁၆(က) ၊ ၁၇ (က)တို့ဖြင့် တရားစွဲဆိုထားသည်။

လက်ရှိတွင် KTV ပိုင်ရှင်ကို လောင်းကစားဥပဒေပုဒ်မ- ၁၇(က) ကျူးလွန်ကြောင်း ထင်ရှားသည့်အတွက် စက်တင် ဘာလ ၇ ရက်နေ့က အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ခွဲချမှတ်လိုက်ကြောင်း ထားဝယ်မြို့နယ်တရားရုံး၏ သတင်းပြန်ကြားရေး အရာရှိဖြစ်သူ တရားသူကြီး ဒေါ်မြင့်မြင့်စန်းက ပြောသည်။

အခြား ၁၄ ဦးကိုမူ အထက်ပါ ဥပဒေပုဒ်မ-၁၆(က)အရ အလုပ်နှင့် ထောင်ဒဏ် ကိုးလစီချမှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

တရားခံများအနေဖြင့် လက်ရှိချ မှတ်သည့်အမိန့်အပေါ် ကျေနပ်မှုမရှိပါက ရက်ပေါင်းသုံးဆယ်အတွင်း အယူခံဝင်နိုင်ကြောင်း ဒေါ်မြင့်မြင့်စန်းက ပြောသည်။

အဆိုပါအမှုကို ရုံးချိန်းပေါင်း ၄၆ ကြိမ်၊ တရားလိုပြသက်သေ ၁၈ ဦးနှင့် တရားခံပြသက်သေ ၄၀ ဦးကို စစ်ဆေးခဲ့ကြောင်း ထားဝယ်မြို့နယ်တရားရုံးထံမှ သိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင်လည်း လူထုက မေးမြန်းပြောဆိုမှုများရှိပြီး စိတ်ဝင်စားမှုများနေ ခဲ့သည်။

လောင်းကစားဥပဒေပုဒ်မ- ၁၆ (လောင်းကစားခြင်း) မှာ အနည်းဆုံး ခြောက်လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ်ငါးသောင်းမှ အများဆုံးကျပ် တစ်သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ယင်းဥပဒေပုဒ်မ- ၁၇ (လောင်းကစားအိမ်ဖွင့်လှစ်ခြင်း) မှာ အနည်းဆုံး ထောင်ဒဏ် တစ်နှစ်မှ အများဆုံး သုံးနှစ် အထိ ချမှတ်ရမည့်အပြင် အနည်းဆုံးငွေဒဏ် ကျပ်တစ်သိန်းမှ အများဆုံး ငါးသိန်းကျပ်အထိ ချမှတ်နိုင်သည်။

Dawei Watch