ကြည်ညိုစွာ လေးလံမှု

0
335

တစ်နေ့က ရုံးတွင် လုပ်ဖော်ကိုင်ဘက် တစ်ယောက်သည် ဘုရားပုံတော် တစ်ခုအားထားစရာ နေရာရှာမတွေ့သဖြင့် အခက်ပွေနေသည်။

နံရံများပေါ်တွင် ယခင်ရှိပြီးသား ပုံများ၊ ပြက္ခဒိန်များ ရှိနေခဲ့ပြီးပြီ။ ကွန်ကရစ်နံရံများဖြစ်သောကြောင့်လည်း ပုံတစ်ခုခုကို ချိတ်ကပ်ရန်မှာ ချက်ခြင်း လွယ်ကူလှသည်လည်း မဟုတ်။ ထို့ကြောင့် တစ်နေရာရာတွင် သိမ်းထားဖို့ စီမံရသည်။

“ဘုရားပုံတော်တွေ လက်ဆောင်ရရင် ဒီလိုပဲ စိတ်ညစ်ရတယ်”

စာအုပ်စင်ပေါ်တွင် ထားရမည်လော၊ စားပွဲအံဆွဲထဲသို့ ထိုးထည့်ထားရ မည်လော စသဖြင့် ဝေခွဲမရနိုင်ဖြစ်နေသည်။

သူ့အဖြစ်ကို ထိုင်ကြည့်နေရင်း မိမိ၏ အပြုအမူများအပေါ်တွင် အလေးအနက်ထားတတ်သောသူတို့၏ ဒုက္ခ တစ်မျိုးပေပဲဟု ကျွန်တော်က တွေးကြည့်နေမိသည်။

အဲသည်လိုမျိုးကို ကျွန်တော် ကိုယ်တိုင်လည်း မကြာခဏကြုံခဲ့ရဖူးသောကြောင့် ဒုက္ခ၏ သဘောကို နားလည် မိနေခဲ့သည်။ အချို့သောသူတို့လည်း ထိုသို့ပင် ဖြစ်ကြလိမ့်မည်ဟုလည်း ထင်မိပါသည်။

တစ်ခါက ကျွန်တော်သည် ရှေးဟောင်း ဘုရားဆင်းတုများဖြင့် နာမည်ကျော်လျက်ရှိသော ဘုန်းတော်ကြီးကျောင်းသို့ အကြောင်းကိစ္စတစ်ခုဖြင့် ရောက်သွားခဲ့ပါသည်။ ထိုအချိန်က ဆရာတော်သည် ခရီးထွက်နေရာ ကျောင်းရှိ ဂေါပကအချို့နှင့်သာ တွေ့ဆုံခဲ့ရသည်။ ကျွန်တော်၏ လာရင်းကိစ္စမှာ သာမန်လူများကဲ့သို့ ဘုရားဖူးသက်သက်မဟုတ်ဘဲ အလုပ်နှင့် ဆက်နွှယ်၍ လာခဲ့ခြင်း ဖြစ်သည်။

ကျောင်းမှ ပြန်မည်ပြုစဉ် ဂေါပက အဖွဲ့ဝင်တစ်ဦးက ကျွန်တော့်ကို လက်ဆောင်တစ်ခုပေးပါသည်။ အန္တရာယ်ကင်း ဘေးရှင်းစေသော အဆောင်ဖြစ်သည်ဟုလည်း ဆိုပါသည်။ မှတ်ပုံတင်ကတ်မျှသာ အရွယ်အစားရှိသောကတ်ပြား တစ်ခု ဖြစ်ပါသည်။ ဗုဒ္ဓပုံတော်နှင့် ကျောဘက်တွင် ကျွန်တော်နားမလည်သော ဂါထာကဲ့သို့သော စာတချို့ ရေးထားသည်ကို တွေ့ရသည်။ မယူလိုသော်လည်း ငြင်းပယ်ရမည်ကိုလည်း စိတ်မကောင်းဖြစ်သောကြောင့် လက်ခံခဲ့လိုက်ပါသည်။

ထိုကတ်ကလေးကို မည်သို့ စီမံပစ်ရမည်ဆိုသည်ကို ကျွန်တော့်အနေနှင့်လည်း ဝေခွဲမရ ဖြစ်နေခဲ့ရပါသည်။ ပိုက်ဆံအိတ်ထဲတွင် ထည့်၍ ဆောင်ထားမည်လော၊ အိမ်၏ တစ်နေရာရာတွင် အဆင်ပြေသလို ထားမည်လော။

ဘုရားပုံတော်သည် သာမန်ရုပ်ပုံ တစ်ခုမဟုတ်ပေ။ ထိုသို့ပင် ကျွန်တော်သည် သဘောထား၏။ အထက်က သူသည်လည်း ထိုသို့ပင် ခံစားမိပေ လိမ့်မည်။

သာမန်ရုပ်ပုံပေါင်းများစွာကို ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် မရေ မတွက်နိုင်အောင်ပင် တွေ့နေရပါလိမ့်မည်။ ချောမောလှပသော မိန်းမပျိုလေးများ၊ အားကျရသော ဘောလုံးသမားများ၊ ကုမ္ပဏီများ၊ အမှတ်တံဆိပ် ကြော်ငြာများ၊ ပြက္ခဒိန်များ၊ ပန်းချီကားများ စသည် စသည်။

သို့သော် ထိုအရာတို့သည် အချိန်တန်လျှင် အကြောင်းအမျိုးမျိုးဖြင့် ဖယ်ရှားပစ်လိုက်ရန် လွယ်ကူပါသည်။ ပြက္ခဒိန်အသစ်ပေါ်လာလျှင် အဟောင်းကို ဖြုတ်လဲလိုက်ပြီး တစ်နေရာရာတွင် ချောင်ထိုးထားလိုက်မည်။ အချို့ကို အမှိုက်များနှင့်အတူ အမှိုက်ပုံးထဲသို့ ပစ်လိုက်နိုင်သည်။
ဘုရားပုံတော်တို့ဟူသည်ကား ထိုကဲ့သို့ လုပ်လိုက်ရန် ကျွန်တော့်တွင် သတ္တိမရှိ။

ပို၍ဆိုးသည်မှာ သတင်းစာ၊ ဂျာနယ်တို့တွင် ဘုရားပုံများ ပါရှိလာခြင်း ဖြစ်သည်။ သတင်းစာ၊ ဂျာနယ်ကို ပုံမှန်ဖတ်လေ့ရှိ၊ သိမ်းလေ့ရှိသော ကျွန်တော့်အတွက် စာမျက်နှာတစ်ခုခုတွင် ဘုရားပုံပါလာခြင်းမှာ ဒုက္ခဖြစ်ရပြန်ပါသည်။ သတင်းစာ၊ ဂျာနယ်ဆိုသည်က ဖတ်ပြီးလျှင် စားပွဲအောက်၊ အိပ်ရာခုတင်အောက်တွင် ထပ်စီထားပြီး သိမ်းဆည်းရသော အရာမျိုးဖြစ်သည်။ သို့မဟုတ်လျှင် စာအုပ်စင်၏ အောက်ခြေတွင် သိမ်းမည်။ ပုံးများထဲတွင် ထည့်သိမ်းမည်။ မည်သို့ပင်ဖြစ်စေ ထိုနေရာတို့သည် ပုံမှန်အားဖြင့် ညစ်ပတ်ရှုပ်ပွေလှသော နေရာများသာဖြစ်ပြီး ကျွန်တော်တို့ အထွတ်အမြတ်ထားသည့် ပုဂ္ဂိုလ်များနှင့် မသင့်လျော်လှပေ။

နံရံထက်၊ ဘုရားစင်ထက်တွင် ဘုရားပုံတော်များအား ချိတ်ကပ်ထားမှုများကို နေအိမ်တိုင်းလိုလိုတွင် တွေ့ရပါလိမ့်မည်။ ရာသီဥတုဒဏ်၊ ပိုးမွှား၏ ဒဏ်နှင့် အချိန်ကာလ၏ တိုက်စားမှုကြောင့် တစ်နေ့တစ်ချိန်တွင် ပုံတော်များသည် ဟောင်းနွမ်းဆွေးမြည့်လာကြသည်။ တစ်ပိုင်းတစ်စ ပြဲစုတ်လာကြသည်။ ပုံအသစ်တို့ဖြင့် လဲရန် လိုအပ်လာကြသည်။ ထိုအခါ အဟောင်းကို ဖြုတ်ချလိုက်ကာ အဆင်ပြေသလို စီမံပစ်လိုက်ကြမှုများအား ကျွန်တော့်အနေနှင့် မကြာခဏလည်း တွေ့ကြုံခဲ့ရ ဖူးပါသည်။

အမှိုက်ပုံများထဲ ပစ်ထားမှု၊ အိပ်ရာခုတင်အောက် ရောက်နေမှု၊ ဘီရိုသေတ္တာများ၏ ဟိုးအောက်ဆုံးထပ်တွင် ထိုးသိပ်ထည့်ခံထားရမှု စသဖြင့် နည်းလမ်းမျိုးစုံ။ ထိုအခြင်းအရာတို့ကို မြင်တွေ့ရသည့်အခါတွင်လည်း ကျွန်တော်သည် စိတ်ထဲတွင် မကောင်းလှပါ။

ဘုရားပုံဟူသည် ဘုရား၏ ပုံသာ ဖြစ်သည်။ သက်တော်ထင်ရှားရှိခဲ့သည့် ဘုရားအား ရည်မှန်းကာ ပုံဖော်ထား သည့် အရာများ ဖြစ်သည်။ တစ်နည်းအားဖြင့် ဥဒိဿစေတီများ ဖြစ်သည်။ ဟောင်းနွမ်းသည်ဖြစ်စေ၊ စုတ်ပြဲသွား သည်ဖြစ်စေ(ဆင်းတုတော်များဆိုလျှင် ကျိုးပဲ့ခြင်းမျိုး) ဘုရားဟု နှလုံးသွင်းနေ သူအဖို့ ထိုအရာများသည် ဘုရားသာ ဖြစ်ဆဲဖြစ်သည်။

သည်နေရာတွင် ပါမောက္ခချုပ် ဆရာတော် အရှင်နန္ဒမာလာဘိဝံသ၏ မိန့်ကြားချက်တစ်ခုကိုလည်း သတိရမိ ပြန်ပါသည်။ ဆင်းတုတော်များတွင် အနေကဇာမတင်ရသေးမီတွင် ဘုရားအဖြစ် မှတ်ယူပူဇော်ထိုက်ပါသလားဆိုသည့် မေးခွန်းကို ရှင်းလင်းစွာပင် ဆရာတော်က ပြန်လည်ဖြေကြားခဲ့သည်။ အနေကဇာတင်ခြင်း၊ မတင်ခြင်းသည် အကြောင်းမဟုတ်၊ တစ်စုံတစ်ယောက်က ဘုရားအဖြစ် ခံစားသတ်မှတ်လိုက်ပြီဆိုသည်နှင့် ဘုရားသာ ဖြစ်သည်ဟု ဆရာတော်က မိန့်ဆိုခဲ့သည်။ ထို့သို့ပင် ကျွန်တော် က နားလည်ထားပါသည်။

ထို့ကြောင့် ဘုရားပုံတစ်ခုခု ရလာလျှင် ကျွန်တော်အပါအဝင် လူအချို့မှာ ပြဿနာ တက်ရပါတော့သည်။ ဘုရားစင်တွင် ထားရန်ဆိုသည်မှာလည်း ယခင်ရှိ နေပြီးသားကို ဖြုတ်ချရမည်။ ဖြုတ်သိမ်း ပစ်ရမည်။ သို့သော် ထိုအဟောင်းကို မည်သို့ဆက်လက်စီမံရမည်ဆိုသည်ကို လည်း မကြံဆတတ်။ မသင့်လျော်သည့် နေရာများသို့ ရောက်နေမည်ကိုလည်း စိုးရိမ်ရ၊ ထို့အတွက် ကြောင့်ကြစိုက်ရဖြင့် စိတ်မချမ်းမြေ့ ဖြစ်ရသည်။

ကိစ္စတိုင်း၊ အကြောင်းအရာတိုင်း အားလုံးလိုလိုအပေါ်တွင် အလေးအနက်ထား စဉ်းစားနေသူတို့၏ ကြန်အင် လက္ခဏာမှာ ထိုင်းမှိုင်းလေလံသည့် အသွင်ပေါ်နေခြင်း ဖြစ်သည်။ ထုံထိုင်းသည်ဟု မဆိုင်နိုင်သော်လည်း မြူးကြွ သွက်လက်၊ ရွှင်ပြနေခြင်း မဟုတ်သည်မှာ သေချာပါသည်။

ကျွန်တော် လက်ဆောင်ရခဲ့သော ဘုရားပုံသည် လွန်ခဲ့သော သုံးနှစ်ဝန်းကျင်ကဖြစ်ပြီး အဲသည်အကြိမ်သည် နောက်ဆုံးဖြစ်ပါသည်။ နေရာအတည် တကျမရှိစွာဖြင့် ရပ်တည်ရှင်သန်ရသော ကျွန်တော့်အတွက်မူ ထိုပုံအား သေချာကျနစွာ ထိန်းသိမ်းထားရန် ပို၍ပင် ခက်ခဲ နေခဲ့ပါသည်။ ယခုဆိုလျှင် မည်သည့်နေရာတွင် ကျန်ခဲ့သည်ဆိုသည်ကို မသိ နိုင်တော့ပါ။ ထိုသို့ ဖြစ်ရသည်မှာလည်း စိတ်မကောင်းစရာပင်။

ထို့အတွက်ကြောင့်လည်း ဘုရားပုံကို လက်ခံရမည်၊ ဝယ်ယူရမည်ကို ဝန်လေးရပါသည်။ ဝယ်ခြင်းသည် ကိုယ့် ကိစ္စသက်သက်ဖြစ်၍ မဝယ်ယူလိုကလည်း မဝယ်ဘဲနေနိုင်ပါသည်။ လက်ဆောင်ကမူ ပြဿနာ။

အထက်က လုပ်ဖော်ကိုင်ဘက်ဖြစ် သူ၏ “ဘုရားပုံတွေ လက်ဆောင်ရရင် ဒီလိုပဲ စိတ်ညစ်ရတယ်” ဟူသည့် စကားကို ပြန်တွေးမိပြန်ပါသည်။

ကျွန်တော်တို့သည်ပင်လျှင် နှလုံးသွင်းမှုလွဲ၊ အမြင်သဘောထားမှားနေ သလောဟူ၍မူ မပြောတတ်ပေ။ ဘုရားအပေါ်တွင် မထီမဲ့မြင်၊ မရိုမသေ မပြုလိုမှုကို ထမ်းပိုးထားခြင်း သို့မဟုတ် ကြည်ညိုစွာ လေးလံမှုဟူ၍မူ ခေါင်းစဉ် တပ်နိုင်ပါလိမ့်မည်။

Dawei Watch