ဆလုံအခွင့်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်း ဆယ်ဖွဲ့ကျော်ပူးပေါင်း

0
379

ဆလုံအခွင့်အရေး လုပ်ဆောင်ရန် အရက်ဘက်အဖွဲ့အစည်း ဆယ်ခုကျော်ကျော် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းများထံမှ သိရသည်။

မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးစုများ ကာကွယ်စောင့်ရှောက်ရေးဥပဒေသည် မော်ကင်းခေါ် ဆလုံလူမျိုးများအား အခွင့်ရေးအပြည့်အဝ ပေးမထားဟုဆိုကာ အခြားတိုင်းရင်းသားများနှင့် တန်းတူ အခွင့်အရေး ရရှိစေရန် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

ပြည်တွင်းခရီးသွားဧည့်သည် စစ်တမ်းစတင်ကောက်ယူ

မြိတ်ကျွန်းစုတောင်ဘက် ပင်လယ်အတွင်းနေထိုင်နေကြသည့် လူနည်းစုဆလုံတိုင်းရင်းသားများသည် လက်ရှိအချိန်တွင် ၎င်းတို့နေထိုင်ကြသည့် ကျွန်းများရှိရာသို့ ပုလဲမွေးမြူရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတချို့ ဝင်ရောက်လာသည့်အတွက် အသက်မွေးဝမ်းကျောင်းနှင့် အသက်ရှင်နေထိုင်အရေးအပေါ် ခြိမ်းခြောက်ခံနေရသည်။

ယင်းအပြင် ဆလုံလူမျိုးများ နေထိုင်သည့် ကျွန်းများသို့ ဆလုံမဟုတ်သည့် လူမျိုးများ တဖြည်းဖြည်း ဝင်ရောက် နေထိုင်မှုများလာပြီး ဆလုံလူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှု ဓလေ့စရိုက်များသည်လည်း လွှမ်းမိုးခြင်း ခံနေရသည်။

“တိုင်းရင်းသား လူမျိူးများ ကာကွယ် စောင့်ရှောက်ရေး ဥပဒေဟာ ရေထဲမှာ နေတဲ့ ဆလုံလူမျိုးတွေအတွက် အကာအကွယ် မဖြစ်ဘူးဆိုတာ ကျွန်တော်တို့ တွေ့နေရတယ်” ဟု အရပ်ဘက်အဖွဲ့ အစည်းများရှေ့ဆောင်အဖွဲ့ဝင် ဦးကျော်ကျော်နိုင်က ပြောသည်။

ဆလုံအရေးစိတ်ဝင်စားသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များ ပါဝင်သည့် ဆွေးနွေးပွဲတစ်ခုကို ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့က မြိတ်မြို့ရှိ Green Network –Mergui Archipalago ရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စု သဘောတူညီချက် စာချုပ်တွင်ပါသည့် အနာဂတ် ပြည်ထောင်စုတည်ဆောက်ရာတွင် တိုင်းအတွင်းရှိ ဆလုံလူမျိူးစု ကာကွယ်ရေးကို ရေရှည်လုပ်ဆောင်ရန်နှင့် ရေတိုအနေဖြင့် ဆလုံများလက်ရှိ ကြုံနေရသည့် ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များကိုလည်း အရပ်ဘက်အဖွဲ့အစည်းများနှင့် ဥပဒေပညာရှင်များ ပူးပေါင်းကာ အစီရင်ခံစာတစ်စောင်ရေးသားပြီး တိုင်းအစိုးရနှင့် ပြည်ထောင်စုအစိုးရသို့ ပေးပို့သွားမည်ဖြစ်ကြေင်း ၎င်းတို့က ဆိုသည်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ အဖွဲ့အစည်း အားလုံးပါဝင်လာအောင် ကျွန်တော်တို့ ကြိုးစားသွားမယ်” ဟု အရပဘက်အဖွဲ့ အစည်းများရှေ့ဆောင် ကွန်ရက်အဖွဲ့၏ NCA MEMBER တစ်ဦးဖြစ်သူ ကိုတင့်လွင်က ပြောသည်။

ဆလုံလူမျိုးများသည် ကျွန်းစုမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့တွင် နေထိုင်နေကြပြီး လက်ရှိတွင် လူဦးရေနှစ်ထောင်ခန့်သာရှိတော့ကြောင်း ဆလုံအရေး တက်ကြွဆောင်ရွက်နေသူများ ထံမှသိရသည်။

ကိုဆန်း