တနင်္သာရီတိုင်း နယ်စပ်ကုန်သွယ်ရေး ထိုးကျ

0
722

တနင်္သာရီတိုင်းနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး ပမာဏမှာ ယခုနှစ်တွင် ထိုးကျသွားသည်ကို တွေ့ရသည်။ ယမန်နှစ်နှင့် ယခုနှစ် ကုန်သွယ်မှုပမာဏ နှိုင်းယှဉ်ချက်အရ အမေရိကန်ဒေါ်လာသန်းငါးရာကျော် ကျဆင်းသွားခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ ယမန်နှစ် အောက်တိုဘာလမှ ယခုနှစ် သြဂုတ်လ ၂၁ ရက်နေ့အထိ ၁၁ လခန့်ကာလအတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်းနှစ်ထောင်ကျော် ရှိသည်။ ယခင်နှစ် ကာလတူတွင် ရှိခဲ့သည့် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း သုံးထောင်ခန့်ရှိသည်။

ထိုကာလတူနှစ်ခု၏ နှိုင်းယှဉ်ချက်အရ ကုန်သွယ်မှုပမာဏက အမေရိကန် ဒေါ်လာ ၅၂၂ သန်း ကျဆင်းသွားခြင်းဖြစ် သည်။

တနင်္သာရီတိုင်းတွင် ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရောင်းဝယ်နေသည့် ထီးခီး၊ မောတောင်၊ မြိတ်နှင့် ကော့သောင်း စသည့် နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုရှိသည်။

ယမန်နှစ် အောက်တိုဘာလမှ ယခုနှစ် သြဂုတ်လ ၂၁ ရက်နေ့အထိ ကာလအတွင်း နယ်စပ်စခန်းလေးခုမှ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၂၁၁၅ သန်းခန့်ရှိဖြစ်ပြီး သွင်းကုန်တန်ဖိုးက ၂၁၆ သန်းခန့်ပါဝင်သည်။ ယမန်နှစ်က လူတူထက် သန်းငါးရာကျော် ကျဆင်းသွားရာတွင် သန်းလေးရာကျော်မှာ ကိုဗစ်ကာလအတွင်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ရေထွက်ကုန်ပစ္စည်းကို အဓိကတင်ပို့ပြီး လယ်ယာထွက်ကုန် ပစ္စည်းအချို့ကို တင်ပို့နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သွယ်ရေး ဦးစီးဌာနထံမှ သိရသည်။

တင်သွင်းသည့်အဓိကပစ္စည်းက ဒီဇယ်ဆီနှင့် ဘိလပ်မြေဖြစ်ပြီး လူသုံးကုန် ပစ္စည်းအနည်းငယ်ကိုလည်း တင်သွင်းနေကြောင်း အထက်ပါဌာနထံမှ သိရသည်။

ထို့အပြင် ယင်းကာလက ပင်လယ်ပြင်တွင် ကမ်းဝေးငါးဖမ်းလှေအားလုံးကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားသည့်အတွက် ရေထွက်ကုန်တင်ပို့မှုကလည်း ကျဆင်းသွားကြောင်း ၎င်းက ပြောသည်။

“ငါးလှေတွေရပ်သွားတဲ့အခါကျတော့ ဒီဇယ်တင်သွင်းတဲ့ဥစ္စာတွေကလည်း ရပ်သွားတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လကို ကမ်းဝေးငါးဖမ်းလှေများ ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ထားသည်။

ထိုအခြေအနေများကြောင့် နယ်စပ်ကုန်သွယ်မှု ပမာဏကျဆင်းသွားခြင်းဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ပြော သည်။

အထူးသဖြင့် ကိုဗစ်ကပ်ဘေး ကာလဖြစ်သည့် ဧပြီလမှ သြဂုတ်လအထိ နှစ်နိုင်ငံကုန်သွယ်မှုက အမေရိကန် ဒေါ်လာသန်း လေးရာကျော် ကျဆင်းသွားခြင်းဖြစ်သည်။

ကိုဗစ်ကာလအတွင်း ထီးခီးနယ်စပ်က ကုန်သွယ်မှု သိသိသာသာထိုးကျ သွားသည်။

ကိုဗစ်ကပ်ဘေးစတင်ဖြစ်ပွားသည့် ဧပြီလအတွင်း ထီးခီးနှင့် မောတောင် နယ်စပ်ကုန်သွယ်ရေးက ရပ်ဆိုင်းသွားပြီး ကော့သောင်းနှင့် မြိတ်ကုန်သွယ်ရေး စခန်းများသာ ကုန်သွယ်မှုရှိခဲ့ကြောင်း တိုင်းဒေသကြီးကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းကာလနောက်ပိုင်းတွင် ကုန်သွယ်မှုပြန်လည်ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ဧပြီလမှ ဇူလိုင်လအထိ လေးလတာ ကာလတွင် ထီးခီးနှင့် မြိတ်ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုက လည်း ယခင်နှစ်ထက် ထက်ဝက်ခန့် လျော့နည်းသွားသည်။

ယင်းကာလတွင် ကော့သောင်းကုန် သွယ်ရေးစခန်း၏ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုက ယခင်ထက် ထက်ဝက်ကျော် ပြန်တက်သွားသည်။

တနင်္သာရီတိုင်းဒေသသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဦးကလည်း လက်ရှိတွင် ကိုဗစ်ကပ်ဘေးကြောင့် ပြည်သူများငွေကြေးသုံးစွဲမှုအပိုင်းတွင် ယခင်ထက်ပိုမိုနည်းပါးသွားသည့် အနေအထားဖြစ်သည့်အတွက် ကုန်သွယ်မှု ကျလာခြင်းဖြစ်ကြောင်း သုံးသပ်သည်။

ထီးခီးကုန်သွယ်ရေးစခန်းတွင် အဓိကပို့ကုန်ဖြစ်သည့် ရေထွက်ကုန် ပစ္စည်းကို ထိုင်းနိုင်ငံဘက်မှ ဝယ်လိုအား ကျသွားသည့်အတွက် ပို့ကုန်ပမာဏ ကျဆင်းသွားခြင်းဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

“အထွက်ကုန်က မရှိသလောက်ပဲ။ ပြန်ဝယ်တာပဲ ရှိတယ်” ဟု ဦးကျော်ကျော်ဦး က ပြောသည်။

ဈေးကွက်တွင် ဝယ်လိုအားနည်းနေသည့်ကိစ္စက တိုင်ပင်ဆွေးနွေးရမည့် ကဏ္ဍတစ်ခုဖြစ်ပြီး ထိုင်းဈေးကွက်တစ်ခု တည်းသာမက နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်ရေး ကြိုးစားသင့်ကြောင်း ၎င်းက အကြံပြုသည်။

ယင်းကဲ့သို့ ချိတ်ဆက်နိုင်ရေးအတွက် အစိုးရကစီစဉ်ပေးသင့်သကဲ့သို့ တိုင်း စက်မှု/ကုန်သည်အသင်းကလည်း UMFCCI (မြန်မာနိုင်ငံ ကုန်သည်/ စက်မှုအသင်းချုပ်)ထံ တင်ပြထားကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

ထီးခီးကုန်သွယ်ရေးစခန်း၏ ထူးခြားချက်တစ်ခုမှာ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်း ချနေသည့် မြန်မာနိုင်ငံကမ်းလွန်လုပ်ကွက်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ ရောင်းရငွေကို ကုန်သွယ်ရေးစခန်း၏ ပို့ကုန်အတွင်း ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

ဝန်ကြီးဌာန၏ တရားဝင်ဝက်ဆိုဘ်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုနှင့် အခြားပစ္စည်းများတင်ပို့မှုမှရသည့် ဝင်ငွေကို ခွဲခြားဖော်ပြထားခြင်းမရှိပေ။

ထီးခီးကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုပမာဏက ယမန်နှစ် အောက်တိုဘာလမှ ယခုနှစ် သြဂုတ်လ ၂၁ ရက်နေ့အထိ ၁၁ လခန့်ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၈၄၄ သန်းခန့်ရှိနေပြီး ကျန်ဂိတ်သုံးခုမှာ စုစုပေါင်း သန်းသုံးရာဝန်း ကျင်သာ ရှိသည်။

ယင်းပမာဏအနက် ၁၈၀၄ သန်းခန့်မှာ ပို့ကုန်များဖြစ်ပြီး သွင်းကုန်မှာ သန်း ၄၀ ဝန်းကျင်သာရှိသည်။

ဒေသတွင်းရှိ ရေထွက်ပစ္စည်းတင်ပို့မှုက ထိုင်းနိုင်ငံအပြင် ရန်ကုန်မြို့မှတစ်ဆင့် အခြားနိုင်ငံသို့ တင်ပို့မှုလည်းရှိ သည်။

ကမ်းဝေးငါးဖမ်းလှေများ ငါးမဖမ်းရ ရာသီက သြဂုတ်လကုန်တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။

ငါးဖမ်းခွင့်ရချိန်တွင်လည်း လက်ရှိကိုဗစ်ကပ်ဘေးအနေအထားကြောင့် တင်ပို့မည့်ငါးဈေးကွက် မသေချာဘဲ စမ်းတဝါးဝါး အနေအထားသာရှိနေကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ဆို သည်။

ယင်းအခြေအနေများကြောင့် ငါးဖမ်းခွင့်ရသည့်အချိန်တွင် ငါးဖမ်းလှေအားလုံး ထွက်နိုင်မည်မဟုတ်ဘဲ အစမ်းသဘောအနေဖြင့် အနည်းအကျဉ်းသာ ထွက်ကြမည့် အနေအထားဖြစ်နေကြောင်း ၎င်းက ပြောသည်။

ကမ်းဝေးငါးဖမ်းလှေဖြစ်သည့် ဝိုင်းကြီးချုပ်ပိုက်(ဝါးတန်း)တစ်စင်းလျှင် ရေလုပ်သား ၄၀ ဦးခန့်မှ ၆၀ ဦးခန့်အထိ အလုပ်လုပ်ကြရသည်။

“အခုလက်ရှိ ဆုတောင်းနေတာကတော့ ထိုင်းငါးဈေးကွက် မပျက်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်” ဟု ဦးကျော်ကျော်သက်က ပြောသည်။