တစ်မီးငြိမ်းဆေး

0
859
editorial

စည်းကမ်းမဲ့မှု၊ မိုက်ကန်းမှု၊ ရန်လိုမှု၊ မယုံကြည်မှု၊ သွေးကွဲမှု၊ ဆင်းရဲမှု စသည့်လက်ရှိဖြစ်ပျက်နေသည့် အလုံးစုံသောအခြေအနေများသည် လွန်လေပြီးသောနှစ်ရှည်လများအတွင်း ကလေးငယ်များ၏ပညာရေးကို ဖျက်ဆီးခဲ့ ကြခြင်း၏အကျိုးဆက်သာဖြစ်သည်ဟုပင် လက်ခံလိုပါသည်။

တစ်ဖက်ပိတ်ဝါဒမှိုင်းများအား အတင်းထိုးသိပ်ထည့်ထားသော ပညာရေး၊ အလင်းရောင်တို့အား ပိတ်ဆို့ထားသောပညာရေးကို လူကြီးများသည် သေနတ်ပြောင်းဝတွင် တေ့ကာ ကလေးများကို အတင်းအဓမ္မ တိုက်ကျွေး ခဲ့ကြသည်။

သေနတ်ပြောင်းဝမှစီးထွက်လာသောပညာရေးသည်ဆင်ခြင်တွေးတော၊ ဝေဖန်ပိုင်းခြားခြင်းကို မည်သို့မျှအားပေးအားမြှောက်ပြုမည်မဟုတ်ပေ။

ထိုကလေးများသည် ယခုအခါတွင် အရွယ်ရောက်လာကြပြီ ဖြစ်သည်။ပညာမတတ်၊ ဆင်ခြင်ဉာဏ်လည်းမရှိစွာဖြင့် ကြီးပြင်းလာခဲ့ပြီးသည့်နောက်ယခုအခါတွင် အခြေအနေတို့မှာ ပရမ်းပတာ၊ ဖရိုဖရဲဖြစ်၍နေသည်မှာ ဆန်းတော့လည်း မဆန်းလှပါ။

မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း ကိုးကွယ်ရာဘာသာမတူသော ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်၍တိုက်ခိုက်မှုများ၊ အချို့နေရာများတွင် ပေါ်ပေါ်တင်တင်ကန့်ကွက်မှုများ ရှိနေခဲ့သည်ကိုတွေ့ရမည် ဖြစ်သည်။ ထို့အရာတို့သည် မပြုကောင်းသောအရာဖြစ်သည်ဟု သဘော ပေါက်ရန်မှာ ထိုက်သင့်သောပညာရည်နှင့် အသိÓဏ်တို့ရှိနေရန်လိုပါသည်။

သို့သော်ထိုသူများနှင့် တုဖက်ပြိုင်၍တုံ့ပြန်ရန်ဖြစ်နေသူကြသူတို့အား လည်း အားမပေးလိုပါ။ ထိုသို့ဖြစ်နေရခြင်းသည် နိုင်ငံ၏ပညာရေးနှင့် အသိဉာဏ်ကြွယ်ဝမှု ရေချိန်တို့ နိမ့်ကျနေမှုကြောင့်ဖြစ်သည်ဟုသာခံယူပြီး မည်သို့ အဖြေရှာသင့်သနည်းဆိုသည်ကိုပင် စဉ်းစားတွေးတောခြင်းသည်က မှန်ကန်သောနည်းလမ်း ဖြစ်ပါလိမ့်မည်။

ထိုတာဝန်အား မိမိနိုင်သလောက် ဝင်ထမ်းရွက်ခြင်းသည်ပင် လူ့ယဉ်ကျေး တို့၏ အမူအကျင့်ဖြစ်မည်ဟု ထင်မြင်မိပါသည်။

အကယ်၍သည်နိုင်ငံတွင်လူပြိန်းများထူထပ်ထကြွအားကောင်းနေသည်ဟုယူဆပါက သည့်အတွက် ကိုယ်တိုင်တွင်လည်းတာဝန်ရှိသည်ဟု မှတ်ယူလိုက်ပါလျှင် မီးတစ်မီးကိုငြိမ်း စေနိုင်ပါလိမ့်မည်။

အယ်ဒီတာ (ဩဂုတ် ၂၉ ၊ ၂၀၂၀)