သတ္တုတွင်းမှကျသည့် ကျောက်တုံး၊ ကျောက်ခဲနှင့် စွန့်ပစ်မြေကြောင့် ချောင်းကော၊ ခြံပျက်

0
550

ယခုနှစ်မိုးရာသီအတွင်း တောင်ကျရေနှင့် အတူပါလာသည့် ကျောက်တုံး ကျောက်ခဲများနှင့် စွန့်ပစ်မြေစာများကြောင့် ဖွတ်လက်တိုချောင်းတိမ်ကောခဲ့ပြီး ဥယျာဉ်ခြံမြေများပျက်စီးခဲ့ကြောင်း ကြက်ပေါင်ချောင်းကျေးရွာ ဒေသခံများ က ပြောသည်။

ကြက်ပေါင်ချောင်းကျေးရွာသည် ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဟိန္ဒားကျေး ရွာအုပ်စုအတွင်းပါဝင်ပြီး ဖွတ်လက်တို ချောင်းမှာ ကြက်ပေါင်ချောင်းရွာကို ဖြတ်၍ စီးဆင်းနေသည့် ချောင်းတစ် ချောင်းဖြစ်သည်။

တိုင်းအတွင်းရှိ မိန်းကလေးငယ် တစ်သောင်းရှစ်ထောင်ခန့်ကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးရန် လျာထား

ဖွတ်လက်တိုချောင်းဖျားတောင်ပေါ်ရှိ ဖိုးလမိုင်း သတ္တုလုပ်ကွက်တွင် တောင်ပိုင်းကမ္ဘာသတ္တုတူးဖော်ရေးကုမ္ပ ဏီက သတ္တုလုပ်ပိုင်ခွင့်ရထားသည်။

ယခုသြဂုတ်လအတွင်း ချောင်းရေလျှံမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီးနောက် ချောင်းအတွင်း ကျောက်တုံး၊ ကျောက်ခဲများ ဖုံးလွှမ်းခဲ့ကြောင်း ကြက်ပေါင်ချောင်း ရွာခံအချို့က ပြောသည်။

“ဒီချောင်းကအရင်က အနည်းဆုံး လူတစ်ရပ်စာလောက်နက်တယ်။ ၇ လ ပိုင်းလောက်အထိ ဘာမှမဖြစ်သေးဘူး။ အခုတော့ ကျောက်တွေပြည့်သွားပြီ” ဟု ကြက်ပေါင်ချောင်းရွာသား စောရှဲဒေက ပြောသည်။

သတ္တုကုမ္ပဏီက တောင်ကမ်းပါးတွင် စွန့်ပစ်ထားသည့် နုန်းမြေနှင့် ကျောက်တုံး၊ ကျောက်ခဲများ တောင်ကျရေ နှင့်အတူ ပါလာကာ ယင်းသို့ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ချောင်းကောသွားသည့်အတွက် ရေစီးကြောင်းပြောင်းလဲကာ ကမ်းပါးပြို ခြင်း၊ အပင်များ ချောင်းရေနှင့်အတူ မျောပါခြင်း၊ စွန့်ပစ်နုန်းမြေနှင့် ကျောက်တုံး ကျောက်ခဲများ ဥယျာဉ်ခြံများအတွင်းသို့ ဝင်ရောက်လာခြင်းတို့ကြောင့် ခြံများ ပျက်စီးလာကြောင်း ၎င်းတို့က ဆိုသည်။

“ပျိုးပင်တွေနဲ့ဆို အပင် နှစ်ရာ သုံးရာလောက်ရှိမယ်။ ဆုံးရှုံးသွားတာ။” ဟု ဖွတ်လက်တိုချောင်းနံဘေးတွင် ကွမ်းပင်များ စိုက်ပျိုးထားသည့် ဦးရွှေကိုက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ကိုဗစ် စည်းကမ်းဖောက်သူ နှစ်ရာကျော်ကို အရေးယူ

ဖွတ်လက်တိုချောင်းတစ်လျှောက် ကျောက်တုံး၊ ကျောက်ခဲနှင့် နုန်းမြေဝင်ပြီး ပျက်စီးခဲ့သည့် ဥယျာဉ်ခြံ အနည်းဆုံး ၁၀ ခြံခန့်ရှိနိုင်ကြောင်း ၎င်းတို့က ဆိုသည်။

“ကုမ္ပဏီကတော့ ချောင်းပြန်ဖော် ပေးမယ်ဆိုပြီး လာပြောထားတယ်။ အခုထိမလာသေးဘူး” ဟု စောရှဲဒေက ဆိုသည်။

ယခင်နှစ် မိုးရာသီက စွန့်ပစ်နုန်း မြေကြောင့် ချောင်းရေနောက်ကျိရုံသာ ဖြစ်ခဲ့ပြီး ယခုနှစ်တွင်မှ ချောင်းတိမ်ကောကာ ဥယျာဉ်ခြံများ ပျက်စီးသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ယင်းသို့သောပျက်စီးမှုများအတွက် သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုင်ကြားမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

တောင်ပိုင်းကမ္ဘာကုမ္ပဏီသည် ၂၀၁၈ ခုနှစ်တွင် အသေးစားသတ္တုတူးဖော်ခွင့်ကို တစ်နှစ်ရရှိခဲ့ပြီးနောက် သက်တမ်း ကုန်ချိန်တွင် သတ္တုဆက်တူးနေသည့်အတွက် ဒေသခံများက တိုင်းအစိုးရထံ တိုင်ကြားခဲ့ဖူးသည်။

၂၀၁၉ ခုနှစ်တွင် အလတ်စားသတ္တု တူးဖော်ခွင့်ကို ၂၀၃၀ ခုနှစ်အထိ လုပ်ပိုင် ခွင့်ရရှိခဲ့သည်။

ထားဝယ်ခရိုင်အတွင်းရှိ ဟိန္ဒားနှင့် ဘဝပင်သတ္တုတွင်းတို့တွင်လည်း စွန့်ပစ် မြေစာများကြောင့် ဥယျာဉ်ခြံပျက်စီးမှုများရှိခဲ့ဖူးပြီး ဒေသခံတောင်သူများက ကုမ္ပဏီကို တရားစွဲဆိုမှုများရှိခဲ့သည်။

Dakkhina Insight