တိုင်းအတွင်းရှိ မိန်းကလေးငယ် တစ်သောင်းရှစ်ထောင်ခန့်ကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးရန် လျာထား

0
582

တိုင်းအတွင်း အသက် ကိုးနှစ်မှ ၁၀ နှစ်ကြားရှိ မိန်းကလေးငယ် တစ်သောင်း ရှစ်ထောင်ခန့်ကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (အခမဲ့) ထိုးပေးရန် လျာထားသည်ဟု တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တိုးချဲ့ကာကွယ်ဆေးအဖွဲ့ခေါင်းဆောင် ဒေါက်တာမြတ်ဖြူပြာအေးက ပြောသည်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးပေးရန်အတွက် ဇူလိုင်လမှ စတင်ကာ စာရင်းကောက်ယူနေပြီး စက်တင်ဘာလ ၂၀ ရက်တွင် စတင်ထိုးပေးရန် စီစဉ်နေခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း ကိုဗစ် စည်းကမ်းဖောက်သူ နှစ်ရာကျော်ကို အရေးယူ

သားအိမ်ခေါင်းကင်ဆာရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်မျိုး HPV (Human Papilloma Virus) ကြောင့် အများဆုံးဖြစ်ပွားသည်ဟု ဒေါက်တာမြတ်ဖြူပြာအေး က ပြောသည်။

“စပြီးတော့ ကူးစက်ခံရတာနဲ့ သူက ရောဂါလက္ခဏာမပေါ်သေးဘူး။ လူတစ်ယောက်ရဲ့ကိုယ်ခံအား ကောင်းတာနဲ့ နည်းတာနဲ့အပေါ် မူတည်ပြီး သူက ၁၀ နှစ်ကနေ နှစ် ၂၀ လောက်ကြာမှ သာအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာကို ပြောင်းသွားတယ်ပေါ့။ အဲဒီချိန်မှ လူတွေက သတိထားမိတယ်ပေါ့” ဟု ၎င်းက ဆိုသည်။

ကိုယ်ခံအားမကောင်းသည့် အမျိုး သမီးများနှင့် ခုခံအားကျဆင်းနေသည့် အမျိုးသမီးများတွင် HPV Virus ကူးစက် ခံရပြီး ၅ နှစ်မှ ၁၀ အကြားတွင် ရောဂါ လက္ခဏာများ ပြသလေ့ရှိသည်ဟု ၎င်းက ပြောသည်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးသည့် အစီအစဉ်တွင် ထည့်သွင်းထားပြီး နှစ် နှစ်ဆက်တိုက် ထိုးပေးသွားမည်ဖြစ်သည်။

ထားဝယ်တွင် လမ်းဘေးဆိုင်များ ထပ်ဖွင့်ခွင့်မပြုတော့ဟုဆို

လိင်ဆက်ဆံမှု လုံးဝ မရှိသေးသည့် အသက် ၉ နှစ်မှ ၁၄ နှစ်ကြားရှိ အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးပေးပါက Virus ကူးစက်မှုကို ကာကွယ်နိုင်သည်ဟု ဒေါက်တာ မြတ်ဖြူပြာအေးက တနင်္သာရီအပတ်စဉ်သို့ ပြောဆိုခဲ့ဖူးသည်။

ဆေးတစ်လုံး၏ တန်ဖိုးသည် လေးဒေါ်လာခွဲဝန်းကျင်(ကျပ်ခြောက်ထောင်ကျော်) ရှိပြီး နှစ်ကြိမ်ထိုးနှံရမည်ဖြစ်သောကြောင့် ဆေးဖိုးသီးသန့်ကုန်ကျ စရိတ်မှာ အမျိုးသမီးငယ်တစ်ဦးအတွက် ကိုးဒေါ်လာဝန်းကျင်(ကျပ်တစ်သောင်း နှစ်ထောင်ကျော်)ရှိသည်ဟု ဒေါက်တာ မြတ်ဖြူပြာအေးက ပြောသည်။

သို့သော် ပြင်ပတွင် ထိုးနှံပါက ဆေးတစ်လုံး၏ တန်ဖိုးသည် (ဆေးကုမ္ပဏီ နှင့် ဆေး၏အရည်အသွေးအလိုက်) တစ်ကြိမ်အတွက် ကျပ် ၃၀ဝ၀ဝ ခန့်ရှိသည်ဟု ၎င်းက ဆိုသည်။

၂၀၁၈ ခုနှစ်တွင် ခန့်မှန်းတွက် ချက်ထားသည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားသူ ၆၀ဝ၀ ကျော်ရှိပြီး သေဆုံးသူ ဦးရေမှာ ၃၀ဝ၀ ကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဖြစ်ပွားသော ကင်ဆာရောဂါများအနက် သားအိမ်ခေါင်းကင်ဆာရောဂါသည် ဒုတိယ ဖြစ်ပွားမှုအများဆုံးရောဂါဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ်ကာလ ကျောင်းပိတ်ထားသော်လည်း ဆရာ၊ ဆရာမများ ရွေးကောက်ပွဲကိစ္စ ကူရမည်

သားအိမ်ခေါင်းကင်ဆာ ရောဂါသည် အသက်ငယ်ရွယ်စဉ်(စောစီးစွာ)အိမ်ထောင်ပြုခြင်း၊ လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ လိင်နှင့်ပက် သက်သောရောဂါများရှိသည့် ယောကျာ်း နှင့် လိင်ဆက်ဆံခြင်း၊ ခုခံအားကျဆင်းမှု ရောဂါရှိခြင်း၊ မိန်းမကိုယ်နှင့် သားအိမ်ခေါင်းတွင် ကြွက်နို့များပေါက်ခြင်း၊ ရေယုန်ပေါက်ခြင်း၊ ဆေးလိပ်သောက်သုံးခြင်း စသည့်အကြောင်းရင်းများကြောင့် ဖြစ်ပွားသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သားအိမ်ခေါင်းကင်ဆာ၏ ရောဂါ လက္ခဏာများမှာ မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ ဆီးစပ်နှင့် ခါးနာကျင် ကိုက်ခဲခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးသွား ရခက်ခဲခြင်း၊ လိင်ဆက်ဆံမှုပြုပြီးပါက သွေးဆင်းခြင်း၊ နာကျင်ခြင်းတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

မိုးမြင့်