ပဲ့စင်ကျွန်းကိစ္စ ဟိုတယ်/ခရီးဌာနသဘောထား တောင်းခံထား

0
670

ပဲ့စင်ကျွန်းတွင် ခရီးသွားလုပ်ငန်း လုပ်မည်ဟုဆိုကာ လုပ်ငန်းရှင်ကြီး တစ်ဦးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့် လျှောက်ထားသည့်အပေါ် ပြည်ထောင်စုဝန်ကြီးဌာနက သဘောထားမှတ်ချက်တောင်းခံလာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ပြောကြားသည်။

ဇူလိုင်လနှောင်းပိုင်းက သဘောထားမှတ်ချက်တောင်းခံလာဖြင်းဖြစ်ပြီး ဌာနအနေဖြင့် လိုအပ်သည့်သတ်မှတ်ချက်များကို ကုမ္ပဏီကို ဖြည့်သွင်းစေပြီး ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖိုးဖိုးကျောက်ကမ်းခြေသဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ

ထိုသို့ ကွင်းဆင်းစစ်ဆေးပြီးပါက စာရွက်စာတမ်းများကို ပြည်ထောင်စု ဝန်ကြီးဌာနထံ ပေးပို့ကာ Video Conference ဖြင့် ရှင်းပြရန်ရှိသည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်ထင်တယ်။ အစောဆုံး သြဂုတ်လအကုန်လောက်မှာ။ တစ်လ လောက်တော့ ကြာသွားမှာပါ” ဟု ဦးညိုအေး က ပြောသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းတွင် Excellent Fortune Development Group ကုမ္ပဏီက နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်းများ၊ အပန်းဖြေဝန်ဆောင်မှုလုပ်ငန်းများ၊ ဇိမ်ခံသင်္ဘောများ ရပ်နားနိုင်သည့်ဆိပ်ကမ်း၊ ရေပေါ်ရေအောက် ကစားကွင်းများနှင့် အိမ်ရာစီမံကိန်းလုပ်ရန်အတွက် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယင်းကုမ္ပဏီလျှောက်ထားမှုအပေါ် တိုင်းဒေသကြီးအစိုးရကလည်း ဗဟိုအဆင့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီထံ သဘောထားမှတ်ချက် ပေးပို့ခဲ့ပြီးဖြစ်သည်။

သို့သော် ယင်းသဘောထားမှတ်ချက်မှာ ထိပ်တန်းလျှို့ဝှက်ဖြစ်သည့်အတွက် အများပြည်သူကို ထုတ်ပြန်၍ မရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောဆိုထားသည်။

တိုင်းအစိုးရ၏ သဘောထားမှတ်ချက်ကို ဗဟိုမြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီထံ ပေးပို့ပြီးနောက်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးထံ သဘောထား ပြန်တောင်းပြီး ခွင့်ပြု၊ မပြုကို ဗဟိုကော်မတီကပင် ဆုံးဖြတ်မည်ဖြစ်သည်။

လျှပ်စစ်ထုတ်ရန် အကြိုစူးစမ်းသည့်ကုမ္ပဏီ NLDအစိုးရလက်ထက် နှစ်ဆယ်နီးပါးရှိ

Excellent Fortune Development Group ကုမ္ပဏီဒါရိုက်တာ ဦးစိုင်းမျိုးဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်နန်းခင်မြင့်ရီတို့ ဇနီးမောင်နှံက ပဲ့စင်ကျွန်းအပါအဝင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျွန်းနှင့် ကမ်းခြေ ငါးခုကို မြေလွတ်၊ မြေလပ် လုပ်ပိုင်ခွင့်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

တောကြဲကျေးရွာအုပ်စုရှိ ပဲ့စင်ကျွန်း၊ ကျောက်တွင်းကျေးရွာအုပ်စုရှိ (ဒေသအခေါ် ကျောက်တောင်ကြီး) တွင် ၁၃၈ ဧက၊ စမ်းလှမ်းကျေးရွာရှိ စမ်းလှမ်းကျွန်းပေါ် ရှစ်ဧကနီးပါး၊ ပညစ်ကျေးရွာ အုပ်စုရှိ ပညစ်ကျွန်းပေါ် ၁၂ ဧကနီးပါးနှင့် ကျောက်တွင်းကျေး ရွာအုပ်စု(ဒေသအခေါ် အလယ်သဲအော်) ၃၇၀ ဧကတို့ကို ၎င်းတို့နှစ်ဦး၏ အမည်ဖြင့် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် အောက်ကျောက်ဝပ် ကျေးရွာအုပ်စု ဝမော်ကျွန်းပေါ်တွင် နှစ်ဧကနှင့် ပညစ်ကျေးရွာရှိ (ချမ်းသာကျွန်း)တွင်လည်း မြေလွတ် မြေလပ် နှစ်ဧကခွဲကိုလည်း လျှောက်ထားရန် ပြင်ဆင်နေသည်ဟု သိရကြောင်း မြေစာရင်းဦးစီး ဌာနထံမှ သိရသည်။