ပေ ၁၇၀ဝ ရှည် မြစ်ကူးတံတား လေထဲတွင် ပျောက်နေဆဲ

0
450

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အညင်းရွာနှင့် ဘုရားထွက်ကျေးရွာသို့ ဆက်သွယ်မည့် ပေ ၁၇၀ဝ ရှည် မြစ်ကူးတံတားအား တည်ဆောက်ပေးနိုင်မည်မဟုတ်သေးကြောင်း ကျွန်းစုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

အဆိုပါတံတားကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရန်ပုံငွေဖြင့် တည်ဆောက်ရန် ပြီးခဲ့သည့်သုံးနှစ် ကတည်းက လျာထားသော်လည်း ယနေ့ချိန်ထိ ဆောင်ရွက်ပေးခြင်း မရှိသေးခြင်း ဖြစ်သည်။

ယင်းအတွက်ကြောင့် မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုကြောင်းကို ယခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျွန်းစုမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီက မေးမြန်းခဲ့သော်လည်း လတ်တလောတွင် တည်ဆောက် မပေးနိုင်သေးကြောင်း အဖြေကိုသာ ရရှိခဲ့သည်။

လာမည့်ဘဏ္ဍာနှစ်ရန်ပုံငွေတွင် မပါရှိသည့်အတွက် နောက်ပိုင်း ကာလများတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှု အပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါတံတားနှင့် မင်းသန်း-မောင်းလှောင် မြစ်ကူးတံတားနှစ်စင်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ကတည်းက ကတိကဝတ်ရ ရှိထားပြီးဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ပြောပြသည်။

“အစိုးရအပြောင်းအလဲဖြစ်သွားတော့ လုပ်ငန်းက အကောင်အထည် မဖေါ်နိုင်ဖြစ်နေတာ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ပြောသည်။

မြိတ်မြို့နယ် မင်းသန်းရွာနှင့် ကျွန်းစုမြို့နယ် မောင်းလှော်ကျေးရွာသို ဆက်သွယ်သည့် ပေ ၁၈၀ဝ ကျော်ရှိ မင်းသန်း-မောင်းလှောင်မြစ်ကူးတံတား ကိုမူ အကောင်အထည်ဖော်နေပြီဖြစ်သည်။

တညင်း-ဘုရားထွက်မြစ်ကူးတံတား တည်ဆောက်ပြီးစီးမည်ဆိုပါက ကျေးရွာပေါင်း ၂၉ ရွာ၊ အိမ်ခြေပေါင်း သုံးထောင်ကျော်ရှိ လူဦးရေ နှစ်သောင်းကျော်အား အကျိူးပြုနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ပြောဆိုထားသည်။

လက်ရှိတွင် ယင်းဒေသခံများအနေနှင့် စက်လှေငယ် (ကူးတို့) ဖြင့် ဖြတ်သန်း သွားလာ‌နေရသည်။

မြင့်မိုရ်(မြိတ်)