ဘာသာစုံဂုဏ်ထူးရှင်တို့၏ စကား

0
800

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ ဘာသာစုံဂုဏ်ထူးရှင် လေးဦးထွက်ပေါ်ခဲ့သည်။ ဘာသာစုံဂုဏ်ထူးရှင် လေးဦးစလုံးမှာ မြိတ်မြို့မှဖြစ်ကြပြီး ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ နှစ်ဦး၊ မြင်းမိုရ်အထက်တန်းကျောင်းမှ တစ်ဦးနှင့် အမှတ် ၁ အခြေခံပညာအထက်ကျောင်းမှ တစ်ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့အနက် ဘာသာစုံဂုဏ်ထူးရသူ သုံးဦးတို့၏ ရင်တွင်းစကားသံတို့အား တနင်္သာရီအပတ်စဉ်မှ စုစည်းဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။

အမည်- ဟိန်းထက်ဝေဟင်
မိဘအမည်- ဦးရဲနိုင်လွင်+ဒေါ်ဝေဝေလင်း
ခုံအမှတ်- တမ-၁၆၄
ကျောင်း- မြင်းမိုရ်အထက်တန်းကျောင်း
ဂုဏ်ထူးရဘာသာများ- မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ရူပဗေဒ
နေရပ်- မြိတ်မွေးမြူရေးဇုန်၊ ရွှေဟင်္သာလမ်း။

နှစ်စကျတော့ စာတွေသိပ်မများသေးတော့ လုပ်နိုင်မယ်ထင်ထားတာ။ နှစ်လယ်ကျတော့ စာတွေ များလာတော့ ကိုယ်တိုင်လည်း ဖိအားတွေရှိလာတယ်။ စိတ်မကောင်းလည်းဖြစ်တယ်။ တစ်နေ့နေ့မှာ အောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်စိတ်က ဘယ်တော့မှ မလျော့ခဲ့ဘူး။ အဲသည်ယုံကြည်စိတ်ကြောင့်လည်း ခုလိုအောင်မြင်တာပါ။

အိမ်မှာဆိုရင် အမေက အကောင်းဆုံး ပံ့ပိုးပေးပါတယ်။ ဆရာမလိုတယ်ဆို ဆရာမခေါ်ပေးတယ်။ Guide လိုနေတယ်ဆိုရင်လည်း ခေါ်ပေးတယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့ သွေးပူနေတဲ့အချိန်လည်းဖြစ်တယ်။ အချိန်လည်း ရသေးတယ်ဆိုတော့ မဆုံးဖြတ်သေးပါဘူး။ စဉ်းစား တုန်းပါ။

အမည်- မကေသီနိုင် (သိပ္ပံတွဲအမှတ်အများဆုံးဆယ်ဦးစာရင်းဝင်)
မိဘအမည်- ဦးသန်းနိုင်+ဒေါ်လှလှဝင်း
ကျောင်း- ကန်စွန်းအင်းကိုယ်ပိုင်ကျောင်း

ခုံအမှတ်- တမ-၃၃၁
ဂုဏ်ထူးရဘာသာများ- မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ရူပဗေဒ
နေရပ်- အမှတ် ၁၂၁၊ ငြိမ်းချမ်းရေး၂လမ်း၊
ရေပုံးရပ်။

အောင်စာရင်းကို online ကနေကြည့်တာပါ။ ဘာသာစုံဂုဏ်ထူးရတော့ ကိုယ့်ကိုကိုယ်မယုံနိုင်ဘူး။ အံသြဖြစ်မိတယ်။ ဆယ်တန်းတုန်းက အခန်းထဲမှာ ဘယ်တော့မှ အဆင့်တစ်မရခဲ့ဘူး။ အဆင့်နှစ်ပဲရတယ်။ ဂုဏ်ထူးက လပတ်စာမေးပွဲတွေမှာဆိုရင် ခြောက်ဘာသာရသလို ငါးဘာသာရတဲ့လတွေလည်း ရှိတယ်။ အဆင့်တစ်မရဘူးဆိုတော့ စိတ်ကျေနပ်မှု သိပ်မရှိခဲ့ဘူး။

အခုခြောက်ဘာသာဂုဏ်ထူးရတော့ ပျော်တာပေါ့။ အပင်ပန်းခံရမှာတစ်နှစ်ပဲ။ ကိုယ် ကြိုးစားသလောက် သေချာပေါက်ရမှာဆိုတော့ စာကို သေချာလုပ်ခဲ့တယ်။ မျှော်လင့်ထားတာက လေးဘာသာပဲ။ ဆေးတက္ကသိုလ်တက်ဖို့ စိတ်ကူးထားပါတယ်။

ဆယ်တန်းကို တစ်နှစ်ပဲအပင်ပန်းခံပြီး သေချာ လုပ်မယ်ဆိုရင် ထွက်လာတဲ့ရလဒ်က ကိုယ့်အတွက် အကောင်းဆုံးဖြစ်နေမယ်ဆိုတာ စိတ်ထဲ သေချာယုံကြည်ပြီးလုပ်ရင် အောင်မြင်မှာပါ။

အမည်- မသိမ့်ရည်နွေး (သိပ္ပံတွဲအမှတ်အများဆုံး ဆယ်ဦးစာရင်းဝင်)
မိဘအမည်- ဦးယုနိုင်+ဒေါ်သက်သက်စိုး
ခုံအမှတ်- တမ-၅၀
ကျောင်း- မြိတ် အ.ထ.က (၁)
ဂုဏ်ထူးရဘာသာများ- မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ရူပဗေဒ
နေရပ်- ထန်းတစ်ပင်လမ်း၊ ကန်ကြီးရပ်ကွက်။

ဘာသာစုံဂုဏ်ထူးရတော့ အတိုင်းမသိ ပျော်ရွှင်မိတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တာ ဆယ်တန်းဖြေနေတုန်းမှာ လူရည်ချွန်ရော ထူးချွန်အတွက်ပါ ဖြေနေရတော့ ကျောင်းစာမှာ အားနည်းသွားမှာကို စိုးရိမ်ခဲ့ရတယ်။ မိဘတွေက နံဘေးကနေ သေချာဂရုစိုက်ပါတယ် နေမကောင်း မဖြစ်အောင် ဂရုစိုက်ပေးကြပါတယ်။

ဆေးကျောင်း တက်မယ်လို့ စဉ်းစားထားပါတယ်။ ကျောင်းမှာ ဆရာ/မတွေ စာသင်ကြားတာကို သေချာလိုက် နားထောင်မယ်ဆိုရင် စာကျက်ရတာလည်း သက်သာမယ် ကိုယ့်အတွက်လည်း ရလဒ်ကောင်းတွေ ရနိုင်ပါတယ်။