PPP ပါတီ ကိုယ်စားလှယ်လောင်း တစ်ဦး ပယ်ဖျက်ခံရ

0
1111

လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ကိုယ်စားပြုပြီး သရက်ချောင်းမြို့နယ်မှ ဝင်ရောက်ယှဉ် ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းကို ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ထားဝယ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ယင်းသို့ ပယ်ဖျက်ခံရသူမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၆ ဖြစ်သည့် သရက်ချောင်းမြို့နယ်မှ ဝင် ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် ဦးကျော်ကျော်ဦးဖြစ်ပြီး လွှတ်တော်ရွေးကောက်ပွဲ ဥပဒေနှင့် ငြိစွန်းနေသည့်အတွက် ပယ်ဖျက်ရခြင်းဖြစ်သည်ဟု ခရိုင် ရွေးကော်အတွင်းရေးမှူး ဦးသက်ထူးတင်က သြဂုတ်လ ၁၂ ရက်နေ့တွင် ပြောသည်။

စာကြည့်တိုက်များ အသက်ဝင်ရေး တိုင်းအစိုးရကူမည်

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းများကို သြဂုတ် လ ၁၁ ရက်နေ့က စတင်စိစစ်ခဲ့ပြီး လက်ရှိတွင် ၄၄ ဦးကို စိစစ်ခဲ့ပြီး ဖြစ်သည်။

ထားဝယ်ခရိုင်အတွင်း လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ်လောင်း ၉၇ ဦး အမည်စာရင်းတင်သွင်းထားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားသည့် ဦးကျော်ကျော်ဦးကို စိစစ်ရာ တွင် ၎င်းမွေးဖွားချိန်က မိဘနှစ်ဦး သို့မဟုတ် တစ်ဦးမှာ နိုင်ငံသားမဟုတ် သည့်အချက်နှင့် ငြိစွန်းနေသည်ကို လဝက မှတ်တမ်းအရ စစ်ဆေးသိရှိရကြောင်း ဦးသက်ထူးတင်က ဆိုသည်။

ကိုယ်စားလှယ်လောင်းအနေနှင့် မွေးဖွားစဉ်က မိဘနှစ်ဦးအနက် တစ်ဦးဦးမှာ နိုင်ငံသားမဖြစ်သေးလျှင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိကြောင်း လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင် ပြဌာန်းထားသည်။

“ပယ်လိုက်ပါပြီ။ ကာယကံရှင်ကိုလည်း ပြောပြီးပါပြီ” ဦးသက်ထူးတင်က ပြောသည်။

ကိုယ်စားလောင်းအဖြစ်မှ ပယ်ဖျက်ခံရပါက ၎င်းနေရာတွင် ပြန်အစားထိုးရန် သတ်မှတ်ရက် ကျော်လွန်သွားပြီ ဖြစ်သည်။

ပြည်သူ့ရှေ့ဆောင်ပါတီက တနင်္သာရီတိုင်းအတွင်း မဲဆန္ဒနယ် ၁၈ နေရာတွင် ဝင်ပြိုင်မည်ဟု ထုတ်ပြန်ထားသည်။

ထားဝယ်ခရိုင်အတွင်း မဲဆန္ဒရှင်အရေအတွက် လေးသိန်းခြောက်သောင်းနီးပါးရှိပြီး မဲရုံ ၄၃၈ ရုံရှိကာ ပါတီ ၁၂ ခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း သုံးဦးတို့က ရွေးကောက်ပွဲဝင်ရန် စာရင်းပေးသွင်းထားသည်။