ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ

0
517

ပထမဆုံး ပြင်ပသွင်ပြင်လက္ခဏာအနေနဲ့ စစ်နိုင်တာက ပါးစပ်နဲ့ နှာခေါင်းစည်းတစ်ခုဟာ အလွှာ ၃ ခု ပါရှိရပါမယ်။

၁) အပြင်ဘက်အလွှာဟာ ရေမဝင်နိုင်တဲ့၊ ရက်လုပ်ထားတာမျိုးမဟုတ်တဲ့ (non-woven) အလွှာဖြစ်လို့ ရေနဲ့ လူ့ခန္ဓာကိုယ်ကနေထွက်တဲ့ အစက်အမှုန်တွေကို မဝင်ရောက်ဖို့ ကာကွယ်ပေးပါတယ်။

၂) အလယ်လွှာဟာ လေစစ်(melt blown) အလွှာဖြစ်တယ်။ ရောဂါပိုးမွှားဖြတ်သန်း ဝင်/ထွက်တာကို ကာကွယ်ပေးတယ်။

၃) အတွင်းဘက်အလွှာက ရေစုပ်ယူနိုင်တဲ့၊ ရက်လုပ်ထားခြင်းမဟုတ်တဲ့(non-woven) အလွှာဖြစ်လို့ တပ်ဆင်သူရဲ့ ကိုယ်ကနေထွက်တဲ့ အရည်အစက်အမှုန်တွေကို စုပ်ယူပြီးတော့ ပြင်ပကို မထွက်အောင် ကာကွယ်ပေးပါတယ်။

၄) နှာခေါင်းနေရာပေါ်မှာရှိတဲ့ သတ္တုချောင်း(ကလစ်)က ဝတ်ဆင်သူနဲ့ အံဝင်ခွင်ကျဖြစ်စေဖို့ ချိန်ညှိနိုင်ပါတယ်။

ပါးစပ်နှင့် နှာခေါင်းစည်းတစ်ခုရဲ့ အရည်အသွေးကို ဘယ်လို စစ်ဆေးမလဲ။
ရေအနည်းငယ်နဲ့ မီးခြစ်ကို အသုံးပြုပြီး အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။

နည်းလမ်းတွေကတော့
၁) အပြင်ဘက်အလွှာကို စစ်ဆေးဖို့ ရေစက်အနည်းငယ်ကို ၎င်းအလွှာပေါ် ချကြည့်ပါ။ မိနစ် အနည်းငယ်ကြာတဲ့အထိ ရေစိမ့်ခြင်း မရှိရပါ။

၂) အလယ်လွှာကို စစ်ဆေးဖို့ ၎င်းအလွှာကို မီးရှို့ကြည့်ပါ။ အပူရှိန်ကြောင့် တွန့်လိမ်သွားတာကိုသာ တွေ့မြင်ရမှာဖြစ်ပြီး စက္ကူလို အလွယ်တကူ မီးမလောင်နိုင်ပါ။

၃) အတွင်းဘက်အလွှာကို စစ်ဆေးဖို့ ရေစက်အနည်းငယ်ကို ၎င်းအလွှာပေါ်သို့ ချကြည့်ပါ။ ရေစုပ်ယူတာကြောင့် စွတ်စိုလာပါလိမ့်မယ်။

၄) ပါးစပ်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်ပြီးတော့ အနီးက ဖယောင်းတိုင်ကို ပါးစပ်နဲ့ လေမှုတ်တဲ့အခါ မီးအလွယ်တကူ မငြိမ်းရပါ။

ပါးစပ်နှင့် နှာခေါင်းစည်းတွေဟာ အနည်းဆုံးအထက်က အချက်အလက်တွေနဲ့ ကိုက်ညီမှပဲ သင့်တော်တဲ့ ကာကွယ်မှုကိုပေးနိုင်မှာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ အနိမ့်ဆုံးအဆင့်ရရှိမယ့် အရည်အသွေးနဲ့ မကိုက်ညီတဲ့ ပါးစပ်နဲ့ နှာခေါင်းစည်းများကို ဝယ်ယူသုံးစွဲတာ၊ ဖြန့်ဖြူးရောင်းချတာမျိုး ရှောင်ကြဉ်ပါ။

ရင်းမြစ်- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန