ထားဝယ်မြစ်လယ် ကျွန်းပေါ်က လောင်းကစားဝိုင်း

0
901

တစ်ခုသော စနေ နေ့လယ်ခင်းတွင် ဖြစ်သည်။ ထားဝယ်မြစ်လယ်ရှိ ရေလယ်ကျွန်းသို့ သွားရန် လူငါးဆယ်ခန့် စောင့်ဆိုင်းနေကြသည်။ အမျိုးသားအချို့၏ လက်ထဲတွင် တိုက်ကြက်ဖများ ပိုက်ထား ကြသည်။

မြစ်အလယ်ရှိ ကျွန်းဆီသို့ ပို့ဆောင်ပေးမည့် လှေငယ် နှစ်စီးကလည်း ထားဝယ်မြို့ဘက်ရှိ မြစ်ကမ်းစပ်တွင် အဆင်သင့် စောင့်ဆိုင်းနေကြသည်။

သူတို့မှာ ထားဝယ်မြစ်လယ် ကျွန်းပေါ်ရှိ လောင်းကစားဝိုင်းများပေါ် ချီတက် မည့်သူများ ဖြစ်သည်။

စစ်အစိုးရလက်ထက်က ဘုရားပွဲများတွင် သော်လည်းကောင်း၊ နတ်ပွဲကဲ့သို့သော ရိုးရာပွဲများတွင် သော်လည်းကောင်း၊ အမျိုးမျိုးသော ရန်ပုံငွေရှာပွဲများတွင် သော်လည်းကောင်း လောင်းကစား ဝိုင်းများမှာ မပါမဖြစ် ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ပေါင်းများစွာကတည်းက လောင်းကစားဝိုင်းများ ပေါ်ပေါ်တင်တင် လုပ်ခွင့်မပြုတော့သည့် နောက်ပိုင်း နေရာအမျိုးမျိုးသို့ ပြောင်းရွှေ့ရှောင်တိမ်း ပြုလုပ်လာကြသည်။

ယင်းတို့မှာ ထားဝယ်မြို့ပြင် တောတောင်များအတွင်းတွင် အများအားဖြင့် ရှိခဲ့သည်။

အဖမ်းအဆီးများကို ရှောင်တိမ်းရင်း နောက်ဆုံး၌ ထားဝယ်မြို့အနီး ပြန်ရောက်လာသည်။

ယခုမူ ထားဝယ်မြို့နှင့် ခဲတစ်ပစ်စာ မြစ်လယ်ကျွန်းသို့ ပြန်ခရီးဆန့် လာပြီ ဖြစ်သည်။

မြစ်လယ်ကျွန်းသို့ သွားရောက်ရန် လူအများ စုရုံးရောက်နေသည့်နေရာ ကားအများအတွက် ထူးထူးဆန်းဆန်းနေရာ မဟုတ်လှပါ။ တိုင်းအစိုးရအဖွဲ့ ဝင် ဝန်ကြီးများနေထိုင်သော အိမ်ရာနှင့် တစ်မိုင်ကျော်သာ ဝေးသည့် ထားဝယ်မြို့သစ် အမှတ် ၇ လမ်းမကြီးဘေးတွင် ဖြစ်သည်။

ထိုလမ်းပေါ်တွင် ဆိုင်ကယ်၊ ကား များကိုလည်း ဟိုတစ်စု သည်တစ်စု ရပ်နားထားသည်။ ဇူလိုင်လ ၁၁ ရက်နေ့ က တနင်္သာရီအပတ်စဉ်က သွားရောက်စုံစမ်းချက်အရ ၇ လမ်းပေါ်နှင့် ၇ လမ်း သွယ်များတွင် ရပ်နားထားသော ဆိုင်ကယ်အစီးရေ ခန့်မှန်း ၄၀ ခန့် နှင့် ကား ၆ စီးခန့် ရှိနေသည်။

ထိုသူတို့ သွားရောက်မည့် ရေလယ် ကျွန်းပေါ်တွင် ကြက်ပွဲ၊ လေးပြားဝိုင်းများဖြင့် စည်ကားနေလေ့ရှိသည်ဟု သွားရောက် ကစားဖူးသူများက ဆိုသည်။

အများအားဖြင့် စနေနှင့် တနင်္ဂနွေ နေ့များတွင် ပိုစည်ကားလေ့ ရှိသည်။

မြစ်လယ်ကျွန်းသို့ လာကစားသူများက ထားဝယ်ခရိုင်အတွင်းနေသူများအပြင် မွန်ပြည်နယ်အတွင်းရှိ ရေးမြို့ နယ်နေသူများလည်း ပါဝင်ပြီး လောင်းကြေးအနေဖြင့် ကျပ်သိန်းဆယ်ချီအထိ ရှိနေသည်။

ဒေသခံများအပါအဝင် နယ်ဝေးမှလာသည့် လောင်းကစားသူများက ကား၊ ဆိုင်ကယ်များဖြင့် ထားဝယ်မြို့သစ် ၇ လမ်းအထိ လာကြပြီး လမ်းမကြီးဘေး၊ မြေကွက်လပ်များနှင့် အိမ်များရှေ့တွင် ရပ်နားထားကြသည်။

တနင်္သာရီအပတ်စဉ်သတင်းအဖွဲ့ ၏ မျက်မြင်တွေ့ရှိချက်အရ ဇူလိုင်လ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မြစ်လယ်ရှိကျွန်းသို့သွားရန် စတင်စုဝေး နေကြပြီ ဖြစ်သည်။

ထားဝယ်မြစ်ကမ်းရှိ လှေဆိပ်သို့ သွားရာ ၇ လမ်းသွယ်ထိပ်တွင် အမျိုးသားနှစ်ဦးက စောင့်နေပြီး ကား၊ ဆိုင်ကယ်များကို မည်သည့်နေရာတွင် ထားရမည်ကို လမ်းညွှန်နေသည်ကို တွေ့ရသည်။

လူစုံသည့်အချိန်တွင် လှေငယ်၂ စီးက ရေလယ်ကျွန်းသို့ အခေါက်ပေါင်းများစွာ ပို့ဆောင်ပေးနေပြီး တစ်ခေါက်လျှင် လူ ၁၀ ဦးခန့် တင်ဆောင်သွားသည်ကို တွေ့ရသည်။

ယင်းကူးတို့လှေများက ကစားဝိုင်းရှိရာ ရေလယ်ကျွန်းသို့ အခမဲ့ပို့ဆောင်ပေးနေသည်ဟု အဆိုပါနေရာတွင် နှစ်ကြိမ်တိုင်တိုင် သွားကစားဖူးသည့် ထားဝယ်မြို့ပေါ်မှ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ လောင်းကစားဝိုင်းက ကိုဗစ်ကပ်ဘေးကာလအတွင်း ပေါ်လာခြင်းဖြစ်ပြီး အချို့ရက်များတွင် တိုက်ကြက်ရှိသည့်အပေါ် မူတည်ကာ ၃ ပွဲဆက်တိုက်အထိ ကစားကြသည်ဟု ၎င်းက ပြောသည်။

ထို့အပြင် လူစုမိသည့်အချို့ရက်များတွင် လေးပြားဝိုင်းပါ ရှိနေတတ် သေးသည်ဟု ဆိုသည်။

“ရေလယ်ကျွန်းဆိုပြီး နာမည်ကြီး လာတာက တစ်လကျော်ကျော်ပဲ ရှိသေးတယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။

အဆိုပါရေလယ်ကျွန်းပေါ်တွင် ဓနိရည် ကျိုချက်သူများလည်းရှိပြီး ယင်းကစားဝိုင်းက မြစ်ကမ်းနှင့် များစွာမဝေးလှသည့် နေရာတွင် ရှိသည်ဟု ဆိုသည်။ ယင်းကျွန်းမှာ လောင်းလုံးမြို့နယ် နခံတောကျေးရွာ စီမံအုပ်ချုပ်ရေး လက်အောက်တွင်ရှိပြီး နခံတော ကျေးရွာမှ လယ်သမားများ အများစု လုပ်ကိုင်စားသောက်ကြသည်။

နခံတောကျေးရွာမှာ လယ်သမားများသည်လည်း လောင်းကစားဝိုင်းများ ရှိသည်ကို သိရှိပြီး ဒေသခံလယ်သမားများအပေါ် အန္တရာယ်ပြုလာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံ အချို့ထံမှ စုံစမ်းသိရှိရသည်။

၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် လောင်းကစားဥပဒေအရ မည်သူမျှ လောင်းကစားခြင်း၊ လောင်းကစားပြု လုပ်ရာနေရာတွင် ရောက်ရှိနေခြင်း မရှိရပေ။

ထိုတားမြစ်ချက်ကို ဖောက်ဖျက်ပါက အနည်းဆုံး ၆ လမှ အများဆုံး ၁ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ထို့အပြင် ပြစ်မှုနှင့် အကျုံးဝင်သည့် သက်သေခံပစ္စည်းနှင့် ငွေကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရ မည်ဖြစ်သည်။

ယင်းနေရာတွင် လောင်းကစား ဝိုင်းရှိနေသည်ကို မသိသေးကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

သို့ရာတွင် မည်သည့်လောင်း ကစားကိုမဆို လက်မခံနိုင်သည့်အတွက် ဖမ်းဆီးရေးအဖွဲ့ကို ညွှန်ကြားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လောင်းကစား ရှိတယ်ဆိုရင် တော့ ဥပဒေအရ ဖမ်းရမှာ။ မဖမ်းဘဲနဲ့ မရဘူးလေ။ လောင်းကစားက လက်ခံတာ တစ်ခုမှ မရှိဘူးလေ။ လက်လည်း လက်မခံဘူး”ဟု ဦးအောင်စိုးမိုးက ပြောသည်။

မည်သည့်လောင်းကစားမှုမျိုးမဆို အမှုအမျိုးအစားတစ်ခုဖြစ်သည့်အတွက် တိုင်းရဲတပ်ဖွဲ့မှူးရုံးအနေဖြင့် ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်စိုးက ဆိုသည်။

“တို့ရုံးအနေနဲ့ကတော့ နယ်မြေတွေက ဒီဖြစ်စဉ် ဒီသတင်းတွေတင်ပြမှ သိရတဲ့ အနေအထားပေါ့။ ဒါပေမယ့် ဒီလောင်းကစားဝိုင်းတွေလည်း ကြားရင်ကြားသလိုတော့ ဖမ်းဆီးအရေးယူ ဆောင်ရွက်နေတာတွေ ရှိပါတယ်”ဟု ရဲမှူးကြီးကြည်စိုးက ပြောသည်။

သို့ရာတွင် ဇူလိုင်လ ၁၁ ရက်နေ့အထိ သက်ဆိုင်ရာတာဝန်ရှိသူများက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမျိုး မတွေ့ရသေးပေ။

ထားဝယ်မြို့ရှိ လောင်းကစားဝိုင်းများနှင့် ပတ်သက်ပါဝင်လေ့ရှိသူ တစ်ဦးကတော့ အောက်ပါအတိုင်း ပြောသည်။

“(အဲဒီ ရေလယ်ကျွန်း လောင်းကစား ဝိုင်းက) ကြာပြီလေ။ လေးငါးလလောက် တောင်ရှိပြီ”