တိုင်မြို့တော် ထားဝယ်

0
657

ထားဝယ်သည် တိုင်မြို့တော်လော၊ တိုင်းမြို့တော်လောဟု လှောင်ပြောင်နေ ကြပြီဖြစ်သည်။

ထားဝယ်မြို့အတွင်းရှိ လမ်းမများ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် လျှပ်စစ်မီးတိုင်၊ ဖုန်းအော်ပရေတာများ၏ ဆက်သွယ်ရေးကြိုး သွယ်တန်းထားသည့် ကွန်ကရစ်တိုင်များဖြင့် ပြည့်နှက် နေသည်။

ယင်းကွန်ကရစ်တိုင်များက မြို့မျက်နှာစာအလှကို ပျက်စီးစေသည်ဟု ပြောဆိုမှုများလည်းရှိနေသည်။

ယင်းအခင်းအကျင်းက တိုင်းမြို့တော် မဟုတ်ဘဲ တိုင်မြို့တော်ဟု လှောင်ပြောင်ခေါ်ဝေါ်ကြသည်အထိ ကွန်ကရစ်တိုင်များက နေရာယူထားသည်။

ရှုပ်ပွများပြားလှသည့် ထိုဖုန်းတိုင်၊ မီးတိုင်များကို ရှင်းလင်းရန် စည်ပင်ကော်မတီကလည်း အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်။

သို့ရာတွင် လက်ရှိအချိန်ထိ ရှင်းလင်းလုပ်ဆောင်နိုင်မှုအရွေ့က မရှိသလောက်ပင်။

လမ်းဘေးနေရာများတွင် စိုက်ထူ ထားကြသည်က လျှပ်စစ်ဌာန၏ မီးတိုင်များ၊ Mytel၊ MPT၊ MBT၊ Ocean Wave စသည့် ဆက်သွယ်ရေး အော်ပရေတာများ၏ ဖုန်းတိုင်များဖြစ်ကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ထိုကြောင့်လည်း ပြီးခဲ့သည့်နှစ်မှစကာ ထားဝယ်မြို့နယ်စည်ပင်သာယာ ရေးကော်မတီက ဆက်သွယ်ရေး အော်ပရေတာများကို အကြိမ်ကြိမ်ခေါ်ယူကာ ဆွေးနွေးညှိနှိုင်းခဲ့သည်။

ထိုသို့ ညှိနှိုင်းခဲ့ကြသော်လည်း အဆိုပါတိုင်များက လျော့ပါးသွားခြင်းမရှိဘဲ ယခင်အတိုင်းပင် ရှိနေဆဲဖြစ်သည်။

ဥပမာအားဖြင့် ထားဝယ်မြို့ ဆေးရုံလမ်းရှိ ဥတ္တံတံတားကြီးလမ်းဆုံမှ ရှမ္မလည်ဆွဲ ဟိန္ဒူဘုရားကျောင်းလမ်းဆုံအထိ အရှည်ပေ ၄၆၀ဝ နီးပါးရှိသည်။

ထိုလမ်းတွင် လျှပ်စစ်မီးတိုင်၊ ဖုန်းတိုင် စုစုပေါင်း ၁၈၀ ခန့်အထိရှိသည့်အတွက် ပျမ်းမျှအားဖြင့် ၂၅ ပေအကွာတွင် တိုင်တစ်လုံးနှုန်း စိုက်ထူထားသည်။

လမ်းတစ်လျှောက်လုံးတွင် ကွန်ကရစ်တိုင်များ ဗရပွစိုက်ထူးထားသည့်အတွက် ရှည်သည့်တိုင် တစ်ချောင်းတည်းတွင် ကြိုးအားလုံးတပ်ဆင်စေချင်ကြောင်း ထားဝယ်မြို့၊ ဆေးရုံလမ်းနေ ဒေါ်သန်းသန်းမော်က ဆိုသည်။

“တစ်တိုင်တည်းနဲ့ ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်” ဟု ဒေါ်သန်းသန်းမော်က ပြောသည်။

ထို့အပြင် အဆိုပါလမ်းတွင် ကြိုးများဖြင့် ရှုပ်ပွနေသည့်အတွက် သာမန်လူများအနေဖြင့် ဖုန်းကြိုးနှင့် မီးကြိုး ခွဲခြားရန်ခက်ခဲကြောင်း ၎င်းက ဆိုသည်။

တိုင်မြို့တော်ဖြစ်နေသည့်အပေါ် သက်ဆိုင်ရာ အော်ပရေတာများနှင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း သိသာထင်ရှားသည့် အရွေ့မရှိသည့်အတွက် ကော်မတီအတွင်း ပြန်လည် ဆွေးနွေးရမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ကျော်ဦးက ဆိုသည်။

အော်ပရေတာတစ်ခု၏ တိုင်တွင် အခြားအော်ပရေတာအားလုံး၏ ကြိုးများတပ်ဆင်နိုင်ရေးအတွက်လည်း ဆွေးနွေးထားကြောင်း ၎င်းက ပြောသည်။

သို့သော် လက်တွေ့တွင် ယင်းသို့ လုပ်ဆောင်ထားမှုမျိုးကို မတွေ့ရသေးပေ။

“အခုချိန်မှာ လုပ်ဆောင်ချက်အား နည်းနေတာ တွေ့ရတယ်ပေါ့။ လုပ်ဆောင် ချက်တွေ အားနည်းနေတယ်ဆိုတဲ့ အပိုင်းမှာလည်း ထိရောက်အောင် ဆောင်ရွက်ဖို့ရယ် ကော်မတီကလည်း တွန်းအားပေး ဖို့လိုတာပေါ့” ဟု ဦးကျော်ကျော်ဦးက ဆိုသည်။

ကော်မတီတွင် ထပ်မံဆွေးနွေးပြီး လိုက်နာမှုမရှိပါက ထိရောက်သည့်အရေး ယူမှုလုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ တိုင်မြို့တော်ဖြစ်နေသည့်အရေးက တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် မေးခွန်းမေးမြန်းရသည်အထိ ဖြစ်ခဲ့သည်။

လျှပ်စစ်ဓာတ်တိုင်များ၊ ဆက်သွယ်ရေးတိုင်များကို မြို့လူသွားလမ်းများ၏ အလယ်တည့်တည့်တွင် စိုက်ထူထားခြင်း၊ မလိုအပ်ဘဲ လျှပ်စစ်ဓာတ်တိုင် ၂ လိုင်းထပ် သွယ်တန်းထားခြင်းများအား မည်သို့ဖြေရှင်းမည်ကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ၂၀၁၈ နှစ်ဆန်းပိုင်းက ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမေးမြန်းခဲ့ ကြခြင်း ဖြစ်သည်။

“ကွန်ကရစ်တိုင်မျိုးစုံ အထိန်းအကွပ်မရှိ စိုက်ထူခွင့်ပြုထားတာဟာ ပြည်သူကို အမှန်တကယ်ပဲ ဗဟိုပြုဆောင်ရွက်နေတာ ဟုတ်ရဲ့လား” ဟု ရေဖြူမဲဆန္ဒနယ် အမှတ်(၂)မှ ဦးကြည်စိုး (လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ)က ယင်း လွှတ်တော်အစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့သည်။

ထားဝယ်မြို့၏ အဓိကလမ်းမကြီးများထဲမှ တစ်ခုဖြစ်သည့် ရေးလမ်း (မီးသတ်လမ်းဆုံမှ တဂူသိမ်လမ်းဆုံအထိ) တွင်လည်း ဖုန်းတိုင်၊ မီးတိုင် စသည့် ကွန်ကရစ်တိုင်မျိုးစုံ ၂၇၀ ကျော် စိုက်ထူထားသည်။

ထိုလမ်း၏အရှည်က ၆၇၀ဝ ပေ ခန့်သာရှိသည်။

ထားဝယ်မြို့တွင်း လမ်းအများစုတွင် ကွန်ကရစ်တိုင်မျိုးစုံဖြင့် ပြွတ်သိပ် နေသည့်အပြင် လမ်း၊ ရေမြောင်းနှင့် မလွတ်ကင်းသဖြင့် နေရာရွှေ့စေခြင်း၊ ပြန်နုတ်စေခြင်းများလည်း လုပ်ဆောင်နေသည်။

ထိုကွန်ကရစ်တိုင်များအရေးကို စတင်ကိုင်တွယ်လာသည်မှာ ၃ နှစ်နီးပါး ကြာပြီဖြစ်သော်လည်း ထူးခြားမှု မရှိ သေးပေ။ တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ မေးခွန်း ထုတ်ထားသည်မှာ အချိန် ၂ နှစ်ကျော် ကြာပြီဖြစ်သော်လည်း ကွန်ကရစ်တိုင်အရွယ်အစား အမျိုးမျိုးက လမ်းဘေးတွင် နေရာယူထားကြဆဲဖြစ်သည်။

ထားဝယ်မြို့နယ် စည်ပင်ကော်မတီ အတွင်းရေးမှူးကလည်း အထက်ပါ အော်ပရေတာများကို ခေါ်ယူညှိနှိုင်းနေ သော်လည်း လုပ်ဆောင်မှုအားနည်းနေသည်ကို တွေ့ရကြောင်း ဝန်ခံပြောဆိုသည်။

“ခေါ်တော့ညှိနေတာပဲကွယ်။ သူတို့တွေ (အော်ပရေတာ) က အရွေ့တစ်ခုတော့ မရှိသေးဘဲ ဖြစ်နေတာပေါ့” ဟု ကော်မတီအတွင်းရေးမှူးက ပြောသည်။

ကိုဇော်