ရေလုပ်ငန်းနှင့် ဆက်စပ် လုပ်ငန်းအချို့ကို အတိုးမဲ့ ကိုဗစ်ချေးငွေပေးရန် စီစဉ်

0
774

ကိုဗစ်အလွန်တွင် ရေလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် လှေပိုင်ရှင်၊ ငါးတင်၊ ငါးချ ဆိပ်ခံတံတားပိုင်ရှင်၊ ငါး၊ ပုစွန်ပြုပြင်မွမ်းမံရေး စက်ရုံများတွင် ပါဝင်သော အအေးခန်း၊ ငါးမှုန့်ကြိတ်စက်ရုံပိုင်ရှင်တို့ကို ငါးလုပ်ငန်းဦးစီးဌာနက အတိုးမဲ့ချေးငွေ ထုတ်ချေးရန် စီစဉ် နေကြောင်း တိုင်းငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

လှေတစ်စီးလျှင် ကျပ်သိန်းတစ်ရာနှုန်း၊ ငါးပုစွန် ပြုပြင်မွမ်းမံရေးစက်ရုံတစ်ရုံလျှင် ကျပ်သိန်းတစ်ထောင်နှုန်း၊ ဆိပ်ခံတံတား တစ်ခုလျှင် ကျပ်သိန်း နှစ်ထောင်နှုန်းဖြင့် ထုတ်ချေးရန် စီစဉ်နေကြောင်း အထက်ပါဌာန ဦးစီးအရာရှိ ဦးစိုးသန့်က ပြောသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးရှိ လှေအစီးရေ ၃၁၉၀ စီး၊ ဆိပ်ခံတံတား ဆယ်ခုကို ချေးငွေထုတ်ချေးရန် စီစဉ်နေပြီး ငါး၊ ပုစွန်ပြုပြင်မွမ်းမံ ရေးစက်ရုံများကိုမှု အရေအတွက် ဖော်ပြထားခြင်း မရှိပေ။

“အဲဒါတွေကို ချေးငွေပေးဖို့က စီစဉ်နေတုန်းပဲပေါ့နော်။ အဲလို စီမံနေတယ်ဆိုတာ ရှင်းလင်းတာမျှသာ ရှိသေးတယ်။ ကိုဗစ်အလွန်ဆိုတော့ အချိန်ကလည်း လိုသေးတယ်”ဟု ဦးစိုးသန့်က ပြောသည်။

လှေဟူသည့် စကားရပ်သည် မည့်သည့်လှေအမျိုးအစားကို ဆိုလိုသည်ဟူသည်နှင့် ပတ်သက်ပြီး လက်ရှိတွင် အသေးစိတ် မသိရသေးပေ။

ကိုဗစ်ကာလအတွင်း စီးပွားရေး ထိခိုက်သူများအထဲတွင် ရေလုပ်ငန်း လုပ်ကိုင်နေသူများ အားလုံးပါဝင်သဖြင့် ယင်းကဲ့သို့ အရေအတွက်ကန့်သတ်ပြီး ချေးငွေထုတ်ပေးခြင်းမှာ မဖြစ်သင့်ကြောင်း လောင်းလုံးမြို့နယ် ရေလုပ်သားများ သမဂ္ဂဥက္ကဋ္ဌက ပြောသည်။

ကိုဗစ်အလွန်ချေးငွေအထဲတွင် ငါးမွေးမြူရေးသမားတို့အတွက် ငါးမွေး ကန်တစ်ဧကလျှင် ငွေကျပ်လေးသောင်း တန်ဖိုးရှိ ငါးသားပေါက်များကိုလည်း ထောက်ပံ့ပေးမည့် အစီအစဉ်လည်း ပါဝင်ကြောင်း ဦးစိုးသန့်က ပြောသည်။

သို့သော် တနင်္သာရီတိုင်းတွင်မူ ယင်းငါးသားပေါက် အထောက်အပံ့ရနိုင်သူမရှိကြောင်း ၎င်းပြောသည်။

အဆိုပါချေးငွေများကို ကိုဗစ် အလွန်ကာလ၊ ငါးဖမ်းရာသီစဖွင့်အချိန်တွင် ငါးလုပ်ငန်းဦးမော့လာစေရန် ထုတ်ချေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

ကျော်သူစိုး