ပြည်ပပြန် ဆောက်လုပ်ရေးကျွမ်းကျင်ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း

0
767

ပြည်ပမှပြန်လာသည့် ဆောက်လုပ်ရေးကျွမ်းကျင် ရွှေ့ပြောင်းလုပ်သားများ အလုပ်လာလျှောက်နိုင်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ် ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

COVID-19 ကာလတွင် ပြည်ပနိုင်ငံအသီးသီးမှ ပြန်လာသည့် ဆောက်လုပ်ရေးကျွမ်းကျင်လုပ်သားများကို ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများရှိ လိုအပ်သောနေရာများတွင် အလုပ်ခန့် အပ်သွားမည်ဖြစ်ကြောင်း အထက်ပါ အသင်းဥက္ကဋ္ဌ ဦးကျော်မင်းမင်းလတ်က ပြောသည်။

“ဦးတည်တာကတော့ ပြန်တော်ပြန် တွေ ပြန်ဝင်လာသူတွေ အလုပ်လက်မဲ့ဖြစ် နေတဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင် အောင်ပေါ့။ နိုင်ငံတော်ဘက်ကလည်း ကိုဗစ်ကာလမှာ တော်တော်အခက်အခဲ ဖြစ်တယ်လေ။ ကိုယ့်နိုင်ငံပြန်လာတာ ကိုယ့်နိုင်ငံသားတွေပဲလေ။ သူတို့ အလုပ် လက်မဲ့မဖြစ်ရအောင် သူတို့ မိသားစုတွေ စား၊ ဝတ်၊ နေ၊ ရေး အဆင်ပြေအောင် ကျွန်တော်တို့ နိုင်တဲ့အပိုင်းက ဝင်ပြီးတော့ ကူညီပေးတဲ့ သဘောပါ” ဟု ဦးကျော်မင်းမင်းလတ်က ဆိုသည်။

အလုပ်အကိုင်အတွက် အင်ဂျင်နီယာ၊ ကြီးကြပ်သူနှင့် ဆောက်လုပ်ရေး ကျွမ်းကျင်လုပ်သားများကို ခေါ်ယူမည် ဖြစ်ပြီး လုပ်ခလစာနှင့် နေ့စားခများကို ဒေသပေါက်ဈေးအတိုင်း ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အလုပ်လျှောက်ထားရန်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာနှင့် CV Form တွင် ကိုယ်ရေးအချက်အလက် အပြည့်အစုံဖြည့်သွင်းကာ ဇူလိုင် ၁ ရက်မှ ၁၅ ရက်နေ့မတိုင်မီ နောက်ဆုံးထားကာ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းရုံး၊ ထားဝယ် တက္ကသိုလ်အနီး၊ မောင်းမကန်လမ်း၊ လောင်းလုံးမြို့နယ်တွင် လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေး ကျွမ်းကျင်လုပ်သားများကို မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာအသင်းချုပ်နှင့် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းများ၊ တိုင်းအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ကာ အလုပ်ခန့်အပ် သွားမည်ဖြစ်ကြောင်း ဦးကျော်မင်းမင်းလတ်က ပြောသည်။

တနင်္သာရီတိုင်းတွင် ဇူလိုင်လ ၁ ရက်နေ့အထိ ပြည်ပနိုင်ငံအသီးသီးမှ ပြန်ဝင်လည်ဝင်ရောက်လာသူ ခုနစ်ထောင်ကျော် (၇၂၇၄ ဦး)ရှိကြောင်း တိုင်းအစိုးရ အဖွဲ့ရုံးထုတ်ပြန်ချက်အရ သိရသည်။

မိုးမြင့်