မွန်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၂ ဦးအထိ ရှိလာ

0
402

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၁၆၄ ဦးရှိပြီး သေဆုံးသူ ၂ ဦးထိ ရှိလာသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှထံမှ သိရသည်။
ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၆ ရက်အထိစာရင်းအရ ပြည်နယ်အတွင်း ရောဂါကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုအခြေအနေ ဖြစ်သည်။

သေဆုံးသူ ၂ ဦးမှာ ဆယ်လသားနှင့် ၈ နှစ်အရွယ် ကလေးဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။

သွေးလွန်တုပ်ကွေးအဖြစ်အများဆုံး မြို့နယ်သည် မော်လမြိုင်နှင့် ပေါင်မြို့နယ်တို့ဖြစ်ပြီး သေဆုံးကလေး ၂ ဦးသည် ပေါင်မြို့နယ်မှ ဖြစ်သည်။

“သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေးက ပြည်သူတွေပါမှ။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေချည်းပဲ လုပ်လို့မရဘူး။ အိမ်တိုင်းအိမ်တိုင်းက ဖုံး၊ သွန်၊ လဲ၊ စစ် ကို နားလည်သဘောပေါက်ပြီး ကိုယ့်အိမ်မှာ ဖုံး၊ သွန်၊ လဲ စစ် မှန်မှန်လုပ်ပေးကြဖို့ ဘုရားသောက်တော်ရေကအစ မှန်မှန်လဲပေးဖို့ လိုပါတယ်” ဟု ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။

ယခုနှစ် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအခြေအနေသည် လွန်ခဲ့သည့် ၂၀၁၉၊ ၂၀၁၈၊ ၂၀၁၇ ခုနှစ် ကာလတူများနှင့် နှိုင်းယှဉ်လျှင် ဖြစ်ပွားမှုနှုန်းနည်းသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင်အဖြစ်များပြီး အထူးသဖြင့် ဇွန်၊ ဇူလိုင်လတို့တွင် အဖြစ်များတတ်သည့် သဘောရှိသည့်အတွက် ပြည်နယ်အတွင်း၌ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု များလာနိုင်သည့်အနေအထား ရှိသည်။

ယဉ်စနိုင်