မွန်ပါတီ ကိုယ်စားလှယ်လောင်း ဇူလိုင်လကုန် အပြီးသတ် ရွေးချယ်မည်

0
416

၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပသွားရန်ရှိသည့် ရွေးကောက်ပွဲအတွက် မွန်ညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လအကုန်တွင် အပြီးသတ် ရွေးချယ်သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။


ကိုယ်စားလှယ်လောင်းများကို မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့မှ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား ရွေးချယ်မည်ဖြစ်သည်။


မြို့နယ်မှ အဆိုပြုရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများကို ဗဟိုအဆင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအဖွဲ့က ဇူလိုင်လ ၃၁ ရက်တွင် အပြီးသတ်ရွေးချယ်မည်ဖြစ်ကြောင်း ပါတီတွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။


ပါတီအနေနှင့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် အမျိုးသမီးနှင့် လူငယ်များ ပါဝင်လာနိုင်ရေးကိုလည်း အဓိကဦးစားပေး အချက်တစ်ချက်အနေနှင့် ရွေးချယ်သွားမည်ဟုလည်း ပါတီခေါင်းဆောင်တို့က ပြောသည်။


“ကိုယ်စားလှယ်လောင်းတွေကို မြို့နယ်ကနေ ရွေးချယ်လာမှာဖြစ်တဲ့အတွက် အမျိုးသမီးနဲ့ လူငယ် ကိုယ်စားလှယ်လောင်းတွေပါလာအောင် စည်းရုံးပေးဖို့နဲ့ တကယ်လို့ အရည်အချင်းတူ ရွေးချယ်ရမယ်ဆိုရင် အမျိုးသမီးနဲ့ လူငယ်ကို ဦးစားပေးရမယ်ဆိုတဲ့ဟာကို မြို့နယ်ကိုလည်း ပြောထားပါတယ်” ဟု နိုင်စံတင်က ဆက်ပြောသည်။


ပါတီတွင်း၌လည်း အမျိုးသမီးနှင့် လူငယ်အင်အား အလွန်နည်းပါးနေသည့်အနေအထားကြောင့် အမျိုးသမီးနှင့် လူငယ်များ ပါတီတွင်ဝင်ရောက် တာဝန်ထမ်းဆောင်ကြရန်လည်း မွန်ညီညွတ်ရေးပါတီက ဖိတ်ခေါ်ထားသည်။


မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုတို့ ပူးပေါင်းဖွဲ့စည်းထားသည့် ပါတီဖြစ်သည်။

ယဉ်စနိုင်း