လောင်းလုံး လူငယ်အုပ်စုလိုက် ရိုက်ပွဲမှ ဖမ်းမိသူများအနက် မူးယစ်တရားခံပြေးတစ်ဦး ပါဝင်နေ

0
505

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာတွင် ဇွန်လ ၈ ရက်က ဖြစ်ပွားခဲ့သည့် လူငယ်အုပ်စုလိုက်ရိုက်ပွဲမှ လူငယ်သုံးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ယင်းသုံးဦးအနက် တစ်ဦးမှာ မူးယစ်တရားခံပြေးတစ်ဦးဖြစ်ကြောင်း လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနနှင့် ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။

ဖမ်းမိလူငယ်သုံးဦးအနက်တစ်ဦးမှာ ကိုးတန်းကျောင်းသားအရွယ်ဖြစ်သောကြောင့် ခံဝန်ထိုးခိုင်းကာ မိဘထံပြန်အပ်ပေးခဲ့ပြီး ကျန်လူငယ်တစ်ဦးကိုမူ မော်တော်ယာဉ်ဥပဒေဖြင့်တရားစွဲမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။

မူးယစ်တရားခံပြေးတစ်ဦးကိုမူ ထားဝယ်မြို့မရဲစခန်းထံသို့ လွှဲပြောင်းပေးထားကြောင်း ဦးကံထူးက ပြောသည်။

လူငယ်အုပ်စုလိုက်ရိုက်ပွဲသည် အုန်းသီးပုံဖြင့်အလှဆင်ထားသည့် လောင်းလုံးမြို့အဝင်ဆိုင်းဘုတ်အနီးတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူအချို့က ပြောသည်။

ယင်းရိုက်ပွဲမှ ထွက်ပြေးသွားသောအဖွဲ့နောက်သို့ အခြားတစ်ဖွဲ့က ဆိုင်ကယ်များဖြင့် နောက်မှ တုတ်၊ သံချောင်း စသည့် လက်နက်တို့ဖြင့် လိုက်လံရိုက်နှက်ခြင်းဖြစ်ပြီး အင်းဇောက်ကျေးရွာအထိ ရောက်သွားခြင်းဖြစ်သည်။

အင်းဇောက်ကျေးရွာအရောက်တွင် အရိုက်ခံနေရသည်ဟု ယူဆရသော ဆိုင်ကယ်တစ်စီး လဲကျသွားခဲ့ပြီးနောက် ထိုနေရာတွင် အုပ်စုလိုက်ရိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ သူအချို့က ပြောသည်။

“ဒီလောက်ဆိုင်ကယ်များပြီး ဒီလောက် ရက်ရက်စက်စက် လိုက်ရိုက်နေတာကို တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးသေးဘူး” ဟု အင်းဇောက်ရွာသူတစ်ဦးက ပြောသည်။

ယင်းသို့ အုပ်စုလိုက်ရိုက်ပွဲဖြစ်နေစဉ် လောင်းလုံးမြို့မရဲစခန်းမှ အရပ်ဝတ်ဖြင့် ရဲကားတစ်စီးရောက်လာခဲ့သဖြင့် ရိုက်ပွဲအတွင်းပါဝင်သူ အားလုံးနီးပါး ထားဝယ်မြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားပြီး လူငယ်သုံးဦးကိုဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းမိလူငယ်သုံးဦးအနက် နှစ်ဦး၏ လက်မောင်းတွင် စက်ဝိုင်းအတွင်း အင်္ဂလိပ်အက္ခရာ “A” စာလုံးအကြီး ရေးထိုးထားသော ဆေးမင်ကြောင်အမှတ်အသားကို တွေ့ရှိခဲ့ကြောင်း ဦးကံထူးက ပြောသည်။

“ကျွန်တော် သိသလောက်ပြောရရင်တော့ ကျွန်တော်အထင်ပေါ့နော်။ ကလေးတွေ လက်မောင်းလေးတွေမှာပေါ့နော် အေ(A) ဆိုပြီး ရေးထားတာလေးတော့ တွေ့တယ်။ ကိုယ်တိုင်ကြည့်ရတာတော့ မဟုတ်ဘူး။ တပည့်တစ်ယောက် ရိုက်ထားတဲ့ပုံလေးမှာ တွေ့တာ” ဟု ဦးကံထူးက ပြောသည်။

ယင်းအမှတ်အသားသည် Dawei Punk ဟုခေါ်သော လူငယ်ဂိုဏ်းတစ်ခု၏ အမှတ်အသားဖြစ်ကြောင်း တနင်္သာရီအပတ်စဉ်က စုံစမ်းသိရှိရသည်။

တနင်္သာရီအပတ်စဉ်က စုံစမ်းသိရှိရသော အဆိုပါ ဆေးမင်ကြောင်အမှတ်အသားကိစ္စအပါ အဝင် အခြားအချက်အလက်အချို့ကို အတည်ပြုနိုင်ရန် လောင်းလုံးမြို့မ ရဲစခန်းမှူးနှင့် ထားဝယ်ခရိုင် ရဲတပ်ဖွဲ့ထံ ဇွန်လ ၉ ရက်မှ ၁၁ ရက် အထိ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း အကြိမ်ကြိမ်သွားရောက် မေးမြန်းခဲ့သော်လည်း တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

အင်းဇောက်ကျေးရွာတွင် ရိုက်ပွဲဖြစ်ပွားပြီး မရှေးမနှောင်းမှာပင် လောင်းလုံးဘက်မှ ထားဝယ်ဘက်သို့ အုပ်စုလိုက် ဆိုင်ကယ်မောင်းနှင်လာသော လူငယ်အချို့ကို ကမြောကင်းတံတားထိပ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဖမ်းမိလူဦးရေ ၅၂ ဦးရှိပြီး ဆိုင်ကယ်အစီးရေမှာ ၂၆ စီးရှိကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

ထိုဖမ်းမိသော လူငယ်များသည် လောင်းလုံးရိုက်ပွဲတွင် ပါဝင်သူများဟု မယူဆရကြောင်း ထားဝယ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဖမ်းမိတဲ့သူတွေထဲမှာက မဆိုင်ဘဲ ရောပါလာတဲ့သူတွေ ပါတယ်။ လက်နက်တွေလည်း မတွေ့ဘူး” ဟု ထားဝယ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအတွက်ကြောင့် ဖမ်းမိသူများအနက် ဆိုင်ကယ်မောင်းနှင်သူများကိုသာ မော်တော်ယာဉ်ဥပဒေဖြင့် အမှုဖွင့်မည်ဖြစ်ပြီး ကျန်လူများကို အမှုဖွင့်ထားခြင်းမရှိကြောင်းနှင့် အားလုံးကို အိမ်ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

ယခင်လကလည်း လူငယ်အုပ်စုလိုက် လမ်းသွား၊ လမ်းလာများကို ရန်ရှာသည့်ဖြစ်စဉ်တစ်ခု ထားဝယ်မြို့အနီးအနားတွင် ဖြစ်ပွားခဲ့ဖူးသည်။