အမည်ရှေ့တွင် လူမျိုးဝိသေသ လက္ခဏာများ ထည့်သွင်းရန် မွန်အစိုးရ တိုက်တွန်း

0
461

မွန်ပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားလူများ၏ အမည်နာမရှေ့တွင် ၎င်းတို့ လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့က စာထုတ်ပြီး တိုက် တွန်းနှိုးဆော်လိုက်သည်။


ပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးမိဘများအနေဖြင့် သား/သမီးများ၏ မွေးစာရင်း၊ သန်းခေါင်စာရင်းသွင်းချိန်နှင့် ကျောင်းအပ်နှံချိန်တို့တွင် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင်ပါရှိသော ရှေ့ဆောင်စကားလုံးများ (ဥပမာ-မင်း၊ မိ၊ နိုင်၊ စော၊ နော်၊ နန်း၊ ခွန်စသဖြင့်) ထည့်သွင်း မှတ်တမ်းတင်ရေးသွင်းကြရန် မွန်ပြည်နယ်အစိုးရက ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းထားသည်။


ပြည်နယ်အစိုးရအဖွဲ့၏ တိုက်တွန်းနှိုးဆော်ချက်ကို မွန်မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ဆက်လက်တိုက်တွန်း နှိုးဆော်သွားမည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး နိုင်မန်ရာဇာက ပြောသည်။


“ပြီးခဲ့တာတွေက ကျွန်တော်တို့က အစပေါ့နော်။ ကျောင်းတက်တော့ နာမည်ရှေ့မှာ မင်းထည့်ခဲ့ပေမယ့် မောင်ပဲ ထွက်လာတယ်။ အသက်ကြီးလာတော့ “နိုင်” ထည့်တာပေါ့ “နိုင်” ရှေ့မှာ “ဦး” အထည့်ခံရပြန်တယ်။ အဲလိုမျိုး ဦးတို့ ဒေါ်တို့ ထည့်လိုက်ခြင်းအားဖြင့် လူမျိုး ဝိသေသလက္ခဏာက ပျောက်ပျက်သွားပါတယ်။ အဲလိုမျိုးနဲ့ ကျွန်တော်တို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေ အများ ကြီး ဆုံးရှုံးခဲ့ရတယ်” ဟု နိုင်မွန်ရာဇာက ပြောသည်။


တိုင်းရင်းသားလူမျိုးများသည် ၎င်းတို့၏အမည်နာမရှေ့တွင် လူမျိုး ဝိသေသလက္ခဏာဖြစ်သည့် ဗမာလူမျိုးဆိုလျှင် ၎င်းတို့၏ အမည်နာမရှေ့တွင် ဦး၊ မောင်၊ ဒေါ်၊ မ၊ ကရင်ဆိုလျှင် နန်း၊ စော၊ မာန်၊ မွန်ဆိုလျှင် မင်း၊ နိုင်၊ မိ၊ ပအိုဝ်းဆိုလျှင် ခွန်၊ နန်း အစရှိသည့် လူမျိုးဝိသေသ လက္ခဏာများတပ်ပြီး ခေါ်ဝေါ် သုံးစွဲကြလေ့ရှိသည်။


မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်ကလည်း ကျောင်းအပ်နှံရာ၌ မိမိတို့ သား၊ သမီး အမည်ရှေ့တွင် ကရင်တိုင်းရင်းသားများ၏ အမှတ်လက္ခဏာဖြစ်သော စော၊ နန်း၊ နော် ထည့်သွင်းအပ်နှံကြရန် မွန်ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများအား တိုက်တွန်းနှိုးဆော်ထားသည်။


တိုင်းရင်းသားလူမျိုးများသည် အမည်နာမရှေ့တွင် ၎င်းတို့၏ လူမျိုး ဝိသေသလက္ခဏာများကိုသာ ထည့်သွင်းဖော်ပြပေးရန် ဆန္ဒရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်ပြုလုပ်သည့်အခါ တွင် ၎င်းတို့၏ အမည်နာမရှေ့တွင် ဦး၊ မောင်၊ ဒေါ်၊ မ တို့ကိုသာ ထည့်သွင်းခံရသည်။

ယဉ်စနိုင်း