မွန်တွင် ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်တော့မည်

0
552

ကိုဗစ်ရောဂါပိုး ရှိ မရှိကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဇွန်လ ၄ ရက်နေ့မှစပြီး စစ်ဆေးနိုင်တော့မည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်း အောင်ကြည်က ပြောသည်။


မွန်ပြည်နယ်ရှိ တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဇီဝလုံခြုံရေးအဆင့် ၃ ရှိ ဓာတ်ခွဲခန်းကို ကိုဗစ်ရောဂါပိုးဓာတ်ခွဲခန်းအဖြစ် အသုံးပြုစစ်ဆေး သွားမည်ဖြစ်သည်။


ဓာတ်ခွဲခန်း ဝန်ထမ်းလိုအပ်ချက်ကြောင့် ရောဂါပိုး ရှိ မရှိ စစ်ဆေးခြင်းကို အစပိုင်းတွင် တစ်ပတ်လျှင် ၃ ရက်၊ တစ်ရက်လျှင် လူ ၉၀ ဦးကို စစ်ဆေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်ရက်လျှင် လူ ၂၈၀ ဦးအထိ စစ်ဆေးနိုင်မည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။


အဆိုပါ ဓာတ်ခွဲခန်းတွင် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ကိုဗစ်ရောဂါစောင့်ကြည့်လူနာများကို ဓာတ်ခွဲစစ်ဆေးနိုင်ရန် စီစဉ်ထားသော်လည်း အစပိုင်း၌မူ မွန်ပြည်နယ်မှ စောင့်ကြည့်လူနာများကိုသာ စစ်ဆေးနိုင်သေးသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။


ကိုဗစ်ရောဂါပိုးစစ်ဆေးသည့် ဓာတ်ခွဲခန်းအတွက် ဝန်ထမ်းလိုအပ်ချက်များကို စေတနာ့ဝန်ထမ်းများခေါ်ယူရန် စီစဉ်ထားသည်ဟု ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ တာဝန်ခံ ဒေါက်တာနီနီဟန်က ပြောသည်။


မွန်ပြည်နယ် ဇွန်လ ၁ ရက်နေ့အထိ ကိုဗစ်ရောဂါပိုး ရှိ မရှိ ဓာတ်ခွဲနမူနာ စစ်ဆေးခဲ့သည့် လူနာ ၁၁၄၆ ဦးရှိပြီး လူနာအမှတ် ၂၇ တစ်ဦးသာ ပိုးတွေ့ရှိခဲ့သည်။

ယဉ်စနိုင်း