ဘီးလင်းမြစ်ပျက်စီးမှု အချိန်မီ ထိန်းသိမ်းပေးရန် တောင်းဆို

0
659

မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ပျက်စီးနေမှုကို အချိန်မီထိန်းသိမ်းပေးရန် မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးကော်မတီက တောင်းဆိုလိုက်သည်။


မေလ ၂၈ ရက်နေ့က ကျင်းပသည့်ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော် သဘာဝထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီမှ ဘီးလင်းမြစ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြောင့် ဒေသခံ ပြည်သူများ လူမှု၊ စီးပွားထိခိုက်ပျက် စီးဆုံးရှုံးမှုအခြေအနေနှင့် ပတ်သက်သည့် အစီရင်ခံစာတင်သွင်းချိန်တွင် ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။


ဘီးလင်းမြစ်အထက်ပိုင်းရှိ ရွှေတူးဖော်လုပ်ကွက်များကြောင့် ယခုအခါ မြစ်သည် အဆိပ်သင့်ခဲ့ပြီး မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာအုပ်စု ၂၂ ခုမှ လူဦးရေ ခြောက်သောင်းကျော်တို့၏ လူမှုစီးပွားနှင့် တိရစ္ဆာန်များအတွက်များစွာ ထိခိုက်ပျက်စီးဆုံးရှုံးစေခဲ့သည်ဟု အထက်ပါ ကော်မတီဥက္ကဋ္ဌ (ဘီလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) ဒေါက်တာခင်နိုင်ဦးက ပြောသည်။


“ဘီးလင်းမြစ် အထက်ပိုင်းမှာရှိတဲ့ ရွှေသတ္တုတူးဖော်လုပ်ကွက်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဘီးလင်းမြစ်ကြောင်း ပျက်စီးတိမ်ကောလာကာ ရေအရည်အသွေး ပျက်စီး၍ ဓာတုအဆိပ်သင့်လာခဲ့ပြီ ဖြစ်ပါတယ်။ ဘီးလင်းမြစ် တိမ်ကောမှုကြောင့် နှစ်စဉ်ရေကြီးရေလျှံဖြစ်စဉ်တွေ ပိုမိုဖြစ်လာခဲ့ပြီးတော့ ဒေသခံတွေရဲ့ လူမှုရေး စီးပွားရေးများစွာ ထိခိုက်ဆုံးရှုံးလာခဲ့ပြီ ဖြစ်ပါတယ်” ဟု ဒေါက်တာခင်နိုင်ဦးက ပြောသည်။


၎င်းပြင် မြစ်ဖျားပိုင်းရှိ ရွှေတူးဖော်လုပ်ကွက်များမှ စွန့်ပစ်ရေများကြောင့် မြစ်တစ်လျှောက်ရှိ ရေနေသတ္တဝါများ အသက်ရှင်ရန်မလွယ်တော့သည့်အတွက် မြစ်အတွင်း ငါး၊ ပုစွန်အစရှိသည့် ရေသယံဇာတများလည်း မရှိသလောက်ရှားပါးလာသည်ဟု ၎င်းက ဆက်ပြောသည်။


မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ တိုင်းတာစစ်ဆေးမှုအရ ဘီးလင်းမြစ်ရေသည် အချဉ်ဓာတ်များနေသဖြင့် သောက်သုံးမိပါက ဝမ်းရောဂါများဖြစ်ပွားနိုင်သည့်အပြင် အာဆင်းနစ်ဓာတ်ပါဝင်မှု များနေသဖြင့် ကြာရှည်သုံးစွဲပါက အရေပြားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာနှင့် နှလုံးရောဂါများ ဖြစ်ပွားနိုင်ကြောင်း စစ်ဆေးတွေ့ရှိထားသည်။


ကျောက်ဆည်တက္ကသိုလ် ဓာတုဗေဒဌာနပါမောက္ခ ဒေါက်တာအေးအေးချို၏ “ဘီးလင်းမြစ်လယ်ပိုင်းနှင့် မြစ်ဖျားပိုင်းရှိ ရေအရည်အသွေးများကို နှိုင်းယှဉ်ဆန်းစစ်လေ့လာခြင်း စာတမ်း” အရလည်း ဘီးလင်းမြစ်ရေထဲ ရေနေသတ္တဝါများအသက်မရှင်နိုင်ဘဲ သုံးစွဲမိလျှင်လည်း အဆိပ်သင့်ပြီး ကျန်းမာရေးထိခိုက်နိုင်သည်ဟု သိရသည်။


လက်ရှိတွင် ဘီးလင်းမြစ်ရေကို မသောက်သုံးရန်နှင့် အသုံးမပြုရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှတဆင့် အများပြည်သူကို အသိပေးထားကြောင်း သိရသည်။


“ဘီးလင်းမြစ်ပျက်စီးလာတဲ့ အကျိုးကတစ်မြို့လုံး ခံနေရတယ်။ ဒီမြစ် တိမ်ကောလာလို့ပဲ နှစ်တိုင်းတစ်မြို့လုံး ရေမြုပ်တယ်။ တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတယ်။ ဒီမြစ်ကို နဂိုအတိုင်း ပြန်ဖြစ်အောင်လုပ်နိုင်မှ အားလုံးအဆင် ပြေမယ်။ ပြန်လည် ကောင်းမွန်လာဖို့ မျှော်လင့်နေကြပါတယ်” ဟု ဘီးလင်းဒေသခံ ဦးလွန်က ပြောသည်။


ဘီးလင်းမြစ် မြစ်အထက်ပိုင်းက ရွှေတူးဖော်လုပ်ကွက်များကြောင့်နှင့် နုံးမြေပို့ချမှုကြောင့် မြစ်သည် တဖြည်းဖြည်း တိမ်ကောလာသည်။ မြစ်ရေအရည်အသွေးလည်း ပျက်သွားသည်အထိ ဖြစ်လာခဲ့သည်။


ဘီးလင်းမြစ်တိမ်ကောလာမှုနှင့် ပျက်စီးလာမှုကြောင့်လည်း ဘီးလင်းမြို့ပေါ်ရပ်ကွက်/ကျေးရွာအများစု ရေကြီးနစ်မြုပ်မှုဒဏ်ကို နှစ်စဉ်ကြုံတွေ့နေရပြီး ယခုနောက်ပိုင်းတွင် အခြေအနေပိုဆိုးလာသည်ဟုလည်း ဒေသခံတို့၏ပြောပြချက်အရ သိရသည်။

ယဉ်စနိုင်း