ကိုဗစ်ရိုက်ချက်ထိ အလှဖန်တီးရှင်များ

0
941

စီးပွားရေးအခြေအနေကလည်း မဆိုး။ လထပ်နှစ်ဖြစ်နေသည့် အခြေအနေများကြောင့် ယခုနှစ် မင်္ဂလာဆောင်ရာသီတွင် အလုပ်အပ်သူများလိမ့်မည်ဟု သူတို့မျှော်လင့်ထားခဲ့ကြသည်။ သို့သော် ထင်သလိုဖြစ်မလာခဲ့ပါ။


ထိုသို့မျှော်လင့်ထားသူများက မင်္ဂလာဆောင်အခမ်းအနားများတွင် သတို့သား၊ သတို့သမီးကိုလှပအောင် မိတ်ကပ်လိမ်းခြယ်ဖန်တီးပေးရသည့် အလှဖန်တီးရှင်များပင်ဖြစ်သည်။


သူတို့က သတို့သားသတို့သမီးကို မိတ်ကပ်အလှပြုပြင်ပေးခြင်း၊ အခမ်းအနားများ လှပဆန်းသစ်စေရန် ဖန်တီးပေးခြင်းများအတွက် မင်္ဂလာဆောင်တစ်ပွဲလျှင် ပွဲအခင်းအကျင်းအပေါ်မူ တည်ကာ ဝန်ဆောင်ခ ငွေကျပ်ငါးသိန်းဝန်းကျင်မှ သိန်းနှစ်ဆယ်ဝန်းကျင်အထိ သတ်မှတ်ထားကြသည်။


သို့သော် အလှဖန်တီးရှင်များ၏ မျှော်လင့်ချက်ကို ကိုရိုနာဗိုင်းရပ်ပိုးက ရိုက်ချိုးလိုက်သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးဂယက်ကြောင့် စီးပွားရေးလုပ်ငန်းများအထိနာနေချိန်တွင် အလှဖန်တီးရှင်များ၏ အလှပြုပြင်ရေးလုပ်ငန်းများလည်း အကြီးအကျယ်ထိခိုက်ခဲ့ကြသည်။


ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို တားဆီးထိန်းချုပ်နိုင်ရန် မင်္ဂလာဆောင်ပွဲများအပါအဝင် အခမ်းအနားပွဲလမ်းသဘင်များမလုပ်ရန် အစိုးရကတားမြစ်လိုက်ခြင်းကြောင့် အလှဖန်တီးရှင်များ၏ လုပ်ငန်းများလည်း လုံးဝရပ်ဆိုင်းသွားခဲ့ရသည်။


မင်္ဂလာဆောင်ရန် ကြိုတင်ရက်ချိန်း ယူထားသူများသည်လည်း ဖျက်လိုက်ကြသည်။ အချို့မှာလည်း တရားရုံးတွင်လက်မှတ်ထိုးကာ အကျဉ်းရုံးမင်္ဂလာဆောင်လိုက်ကြတော့သည်။


ကိုရိုနာဂယက်ကြောင့် စီးပွားရေးထိခိုက်သူများထဲတွင် အလုပ်သမား ၂၀ ကျော်ရှိသည့် ထားဝယ်မြို့အခြေစိုက် အလှဖန်တီးရှင်တစ်ဦးဖြစ်သူ သဇင်ဖူးမိတ်ကပ်ညီညီ(KSW) လည်း တစ်ဦးအပါအဝင်ဖြစ်သည်။


မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုးထိန်းချုပ်ရေး အရေးကြီးကာလဖြစ်သည့် မတ်လ၊ ဧပြီလ၊ မေလတွင် ၎င်းထံအလုပ်အပ်ရန် ကြိုတင်ရက်ချိန်းယူထားသူများဖြင့် ပြည့်နေခဲ့သည်။


သို့ရာတွင် ကိုရိုနာရောဂါပိုးကြောင့် မင်္ဂလာဆောင်အခမ်းအနားများ ကန့်သတ်လိုက်ချိန်တွင် အများစုကို ပြန်ဖျက်သွားကြသည်ဟု မိတ်ကပ်ညီညီက ဆိုသည်။


“အချို့ဆို လက်မှတ်ထိုးပြီး ယူလိုက်တာတို့ ဖြစ်သွားတယ်။ ကိုရိုနာပြီးမှပဲ ပြန်လုပ်ကြမယ်ဆိုပြီး ပြန်ဖြုတ်သွားကြတယ်” ဟု မိတ်ကပ်ညီညီက ပြောသည်။


ယမန်နှစ်က ယခုအချိန်ကာလတွင် မင်္ဂလာဆောင်သူများသည့်အတွက် အလုပ်အပ်သူများခဲ့ပြီး လက်ရှိတွင်ရက်ချိန်းများပါ ပြန်ဖျက်သွားသည့်အတွက် ဆုံးရှုံးမှုများကြောင်း မိတ်ကပ်သားကြီးငယ်ခေါ် သွန်းအိမ်ဆင့်ကလည်း ပြောဆိုသည်။


“နှစ်စဉ်နှစ်တိုင်းဆိုရင် ဒီအချိန်ပေါ့။ အလုပ်တွေက စဉ်ဆက်မပြတ်လုပ်နေရတဲ့ အချိန်လေ။ အခုက ကိုဗစ်ဂယက်ထသွားတာဆိုတော့ အကုန်လုံးက အလုပ်တွေဆုံးရှုံးသွားတာပေါ့” ဟု သွန်းအိမ်ဆင့်က ပြောသည်။


လက်ရှိတွင် လုပ်ငန်းလုံးဝနီးပါးရပ်နားထားရသည့်အတွက် အလှဖန်တီးရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းအားလုံးနီးပါးကို ခေတ္တအလုပ်နားခိုင်းထားရသည်။
အဆိုပါဝန်ထမ်းအများစုကလည်း LGBTများပင်ဖြစ်သည်။


အချို့အလှဖန်တီးရေးလုပ်ငန်းများက အမြဲတမ်းဝန်ထမ်းခန့်ထားသလို အချို့မှာ မင်္ဂလာဆောင်တစ်ပွဲချင်းအလိုက် အခကြေးငွေရရှိကြသည်။


မိတ်ကပ်ညီညီ၏ အလှဖန်တီးရေးလုပ်ငန်းတွင် အမြဲတမ်းဝန်ထမ်း ၂၀ ကျော်ရှိပြီး ယခုအခါတွင် ဝန်ထမ်းအများစုကို အလုပ်နားခိုင်းထားရကြောင်း ၎င်းကဆိုသည်။


ထို့အပြင် ယခုနှစ်တွင် မင်္ဂလာဆောင်ပွဲများမည်ဟု ခန့်မှန်းထားသည့်တွက် သတို့သား၊ သတို့သမီးဝတ်စုံဒီဇိုင်းအသစ်များနှင့် အခြားအလှအပပစ္စည်းများကိုလည်း ထပ်မံဖြည့်တင်းကာ ရင်းနှီးမြှုပ်နှံထားကြသေးသည်။


ထိုပစ္စည်းများဖြည့်တင်းရန် မလောက်ငသည့်ငွေကြေးကို ချေးငှားထားရသည်ပြီး ယင်းငွေကြေးအတွက်ပါ စိုးရိမ်သောကရောက်နေရသည်ဟု အလှဖန်တီးရှင်အချို့က ဖွင့်ဟကြသည်။


“အရင်းအနှီးတွေ အကုန်လုံးက ထည့်လိုက်ပြီ။ မလောက်တဲ့ငွေတွေတောင်မှ ကိုယ်က ဆွဲထားရတာတွေ အများကြီးရှိတယ်” ဟု မိတ်ကပ်ညီညီက ပြောသည်။


ကပ်ရောဂါက မည်သည့်အချိန်တွင် ပြီးဆုံးမည်ကိုမသိသော်လည်း လုပ်ငန်းပြန်စချိန်တွင်မူ စိန်ခေါ်မှု၊ အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း အလှဖန်တီးရှင်များက ကြိုတင်တွက်ဆထားကြသည်။


လက်ရှိတွင် ကိုရိုနာကြောင့် အလုပ်နားထားရခြင်း၊ အလှဖန်တီးရေးအတွက် လိုအပ်သည့်ပစ္စည်းများအတွက် အရင်းအနှီးများထည့်ထားရခြင်းစသည့် အကြောင်းများကြောင့် လုပ်ငန်းပြန်စချိန်တွင် မူလအစမှ ပြန်စသကဲ့သို့ဖြစ်သွားနိုင်ကြောင်း မိတ်ကပ်သွန်းအိမ်ဆင့်က ဆိုသည်။


“ကိုယ်ထည့်ထားတဲ့အရင်းအနှီးကလည်း ဒီထဲပဲရောက်သွားပြီ။ ဘာမှ မလုပ်ရတော့ဘူးဆိုတော့ နာလန်ထူလို့ ရောနိုင်ပါ့မလားပေါ့။ အဲဒါမျိုးပဲ စိတ်ပူနေရတာ” ဟု မိတ်ကပ်ညီညီက ပြောသည်။