ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူး အပြောင်းအလဲဖြစ်

0
1605

တနင်္သာရီတိုင်းဒေသကြီး၏ စစ်ဘက်ရေးရာကိစ္စရပ်များကို အဓိကကိုင်တွယ်ရသော ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုအပြောင်းအလဲလုပ်လိုက်ကြောင်း တပ်မတော်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။


မူလတိုင်းမှူးဗိုလ်ချုပ်သောင်းထိုက်ရွှေအား နေပြည်တော်တိုင်းစစ်ဌာန ချုပ်တိုင်းမှူးအဖြစ်မေလ ၁ ရက်က ပြောင်းရွှေ့ခန့်ထားလိုက်ခြင်း ဖြစ်သည်။


ဗိုလ်ချုပ်သောင်းထိုက်ရွှေ၏ ကမ်းရိုးတန်းတိုင်းမှူးနေရာသို့ ကော့ကရိတ်အခြေစိုက်အမှတ်(၁၂) စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ်စောသန်းလှိုင်အား အသစ်ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း ထပ်မံသိရှိရသည်။ ဗိုလ်မှူးချုပ်စောသန်းလှိုင်သည် ကရင်တိုင်းရင်းသားတစ်ဦး ဖြစ်သည်။


ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူးသည် တနင်္သာရီတိုင်းဒေသကြီးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ်လည်းတာဝန်ယူရပြီး အဆိုပါကော်မတီ၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထား ကာ ဒေသတွင်းငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးညှိနှိုင်းရသည်။


ဗိုလ်ချုပ်သောင်းထိုက်ရွှေပြောင်းရွှေ့မလာမီ တိုင်းမှူးအဖြစ်ထမ်းဆောင်နေသူ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်ကိုမူ ဒုတိယဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးကာတစ်ပါတည်းအငြိမ်းစားပေးလိုက်ကြောင်း တပ်မတော်သတင်းရင်းမြစ်များက ဆိုသည်။


မေလ ၁ ရက်နေ့ကပြုလုပ်သည့် တပ်မတော်တွင်းရာထူးအပြောင်းအလဲတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရာထူး နေရာသုံးခုနှင့် ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ် ရာထူးစသဖြင့် စုစုပေါင်းအပြောင်းအလဲ ၁၀ နေရာခန့် ပြုလုပ်ခဲ့ကြောင်းသိရသည်။