တနင်္သာရီ ကိုဗစ် ဘဲဥ မကွဲစေ ချင်ပါ

0
300

တစ်ကမ္ဘာလုံးတွင် ကိုဗစ်ရောဂါ ကူးခံစားထားရသူ သန်းချီရှိနေပြီဖြစ် သော်လည်း တနင်္သာရီတိုင်းကို ဘဲဥမကွဲ စေချင်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း ကိုရိုနာရောဂါပိုးကူးစက်သူ မရှိသေးပေ။

ထိုအနေအထားအတိုင်း ဆက်လက် ထိန်းထားနိုင်ရန် ကိုရိုနာရောဂါပိုး ကာကွယ်ရေးနှင့် ပတ်သက်သည့် အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်နေခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က ဆိုသည်။

တနင်္သာရီတိုင်းတွင် အခြားတိုင်း နှင့် ပြည်နယ်များနည်းတူ ညမထွက်ရ အမိန့်၊ ပါဆယ်သာရောင်းချစေသည့် အမိန့်၊ လူစုလူဝေးမလုပ်ရန် တားမြစ် သည့်အမိန့် ၊ ယာဉ်လိုင်းများရပ်နားထား စေသည့်အမိန့် အစရှိသည့် အမိန့်များကို ထုတ်ပြန်ထားသည်။

ထိုသို့ထုတ်ပြန်ထားသည့် အမိန့် ကို ဖောက်ဖျက်သူများလည်း ရှိနေဆဲ ဖြစ်ပြီး အရေးယူကြပ်မတ်မှု အားနည်း သည်ဟု ပြောဆိုဝေဖန်မှုများလည်း ရှိသည်။

ယင်းသို့ ထုတ်ပြန်ရခြင်းမှာ ပြည်သူ လူထုကို ဖိနှိပ်လိုသည့်သဘောဖြင့် ထုတ်ပြန်ခြင်းမဟုတ်ဘဲ ကိုရိုနာရောဂါ ပိုးမရှိသည့် ဒေသဖြစ်စေရန် ရည်ရွယ်ထုတ်ပြန်ခြင်းပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီဟာတွေထုတ်ရခြင်းရည်ရွယ် ချက်ကလည်း ကျွန်တော်တို့ဒေသကို ဘဲဥမကွဲစေချင်ဘူး။ နဂ္ဂတစ်နယ်မြေ အဖြစ်နဲ့ပဲ ရှိစေချင်တယ်”ဟု ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ စောင့်ကြည့် လူနာ၊ စောင့်ကြည့်စခန်းမှ စောင့်ကြည့်ခံ ရသူ နှစ်ရာကျော်၏ နှာခေါင်းတို့ဖတ်များကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ မေလ ၈ ရက် နေ့ အထိ ကိုရိုနာရောဂါပိုး မတွေ့ရပေ။

Dawei Watch