အိမ်နောက်ဖေး ဈေးဆိုင် ပြန်တည်ကြမယ်

0
218
ကိုဗစ် ဒုတိယ လှိုင်း သတိရှိပါ

ကမ္ဘာကြီးဟာ လူတွေရဲ့လိုအပ်ချက် အတွက် လုံလောက်ပေမယ့် လူတွေရဲ့ လောဘအတွက် မလုံလောက်ပါ”

(မဟတ္တမဂန္ဒီ)

လူတိုင်းအတွက် အရေးကြီးတဲ့ အခြေခံ လိုအပ်ချက်ကတော့ စားဝတ်နေ ရေး ပါပဲ။ ဒါပေမယ့် လူတွေဟာ လောဘ နောက်လိုက်ပြီး ဇိမ်ခံပစ္စည်းတွေနဲ့ စားဝတ်နေရေးကို အကျယ်ချဲ့နိုင်သမျှ ချဲ့ကြတော့ သဘာ၀ပတ်ဝန်းကျင်တွေ ပျက်စီး၊ ဂေဟစနစ်တွေ ပျက်စီးလာပြီး ဖောက်ပြန်လာတဲ့ ဥတုဘေးဒဏ်တွေကို ပြန်ခံကြရပြန်တယ်။ အခုဆိုရင် ဥတု ဘေးဒဏ်အပြင် ကူးစက်ကပ်ရောဂါရဲ့ ဘေးဒဏ်ကိုလည်း တစ်ကမ္ဘာလုံး ခံနေ ကြရပြီ။

ကျွန်မတို့ရဲ့ ဘ၀နေထိုင်မှုပုံစံကို ဒီလိုပဲ ရှေ့ဆက်သွားမလားဆိုတာ ကျွန်မ တို့ ပြန်စဉ်းစားသင့်ပြီလို့ ထင်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုကမ္ဘာ ကြီးကို တည်ဆောက်ဖို့အတွက် လူသား တွေဟာ အဆမတန်တဲ့ သယံဇာတတွေကို ထုတ်ယူသုံးစွဲရင်း သယံဇာတကျိန်စာ သင့်ရတဲ့ အနေအထားမျိုးကို ရင်ဆိုင် ကြုံတွေ့နေကြရပါပြီ။

အခုဖြစ်နေတဲ့ COVID – 19 ကူးစက် ရောဂါ ဖြစ်ပွားစေတဲ့ အကြောင်းရင်း များစွာထဲမှာ သယံဇာတ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းနဲ့ ခေတ်သစ်စားနပ် ရိက္ခာ ထုတ်လုပ်မှုစနစ် စတဲ့အကြောင်း ရင်းကြောင့်လည်း ပါတယ်လို့ ဒေါက်တာ မြင့်ဇော် ရေးသားပြုစုတဲ့ ကိုဗစ်နောက် ကြောင်းပြန် စာအုပ်မှာ လေ့လာရပါတယ်။

ပြဿနာတစ်ခု ဖြစ်လာရင် ဘာ့ကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းကို ရှာတတ်ဖို့ အရေးကြီးဆုံးပါပဲ။ ဖြစ်တဲ့ အကြောင်းရင်းကို သိမှပဲ နောင် ဒီလို မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မှာ မဟုတ်လား။ ကပ်ရောဂါ ဖြစ်စေတဲ့ အကြောင်းယင်းကို သိရပြီဆိုရင် နောင် အခါမှာ ဒီလိုကပ်ဘေးမျိုး မကြုံတွေ့ရ အောင် ကျွန်မတို့ရဲ့ စားသောက်နေထိုင်မှု ပုံစံကို ပြောင်းလဲဖို့ အချိန်တန်ပြီ ထင်ပါတယ်။

လွန်ခဲ့တဲ့အပတ်က အရေးပေါ် ရာသီဥတုအရေး မျှဝေသူတစ်ဦးဖြစ်တဲ့ ဆရာနော်အောင် ဖေ့စ်ဘုတ်မှာ ရေးတင် ထားတဲ့ စာတစ်ပိုဒ်က လိုက်နာမှတ်သား စရာ ကောင်းလှပါတယ်။ ဂျာမန်ဆရာဝန် တစ်ယောက်က ပြောတဲ့စကားကို ကင်ဆာ ရောဂါ ဖြစ်ပွားခဲ့ဖူးတဲ့ သူ့သူငယ်ချင်းက ပြန်ပြောပြတာပါ။

လူသားတွေဟာ ကင်ဆာရောဂါက နေ ကင်းလွတ်ဖို့ဆိုရင် လွန်ခဲ့တဲ့ အနှစ် (၁၀၀) တုန်းကပုံစံလို နေထိုင် စားသောက် အလုပ်လုပ်နိုင်မှ ဖြစ်နိုင်ပါလိမ့်မယ်တဲ့။ အဲဒီကာလတွေမှာ လေထု ရေထု မြေထု တွေ မညစ်ညမ်းသေးဘူး။ လူတွေက လည်း အစားအစာတွေကို မျှဝေစားသုံးကြတယ်။

ကိုယ်တိုင်လည်း စိုက်ပျိုးမွေးမြူ ကြတယ်။ အနီးအနား သွားစရာရှိရင် ခြေထောက်နဲ့ လမ်းလျှောက်တယ်တဲ့။ ကျွန်မ ယုံကြည်ပါတယ်။ ဒီလိုမျိုး နေထိုင် စားသောက်မယ်ဆိုရင် ကင်ဆာရောဂါ သာမက အခုလိုမျိုး ကြုံတွေ့နေရတဲ့ ကပ်ရောဂါလည်း ဖြစ်လာဖို့ အလား အလာ သိပ်ကိုနည်းပါးသွားပါလိမ့်မယ်။

လွန်ခဲ့တဲ့ အနှစ် (၁၀၀) ကို ကျွန်မ မှန်းဆကြည့်ရုံလောက်သာ တတ်နိုင်ပေ မယ့် လွန်ခဲ့တဲ့ အနှစ် သုံးဆယ်လောက်က ကျွန်မတို့ မိသားစုရဲ့ နေထိုင်စားသောက်မှု ပုံစံကို ကျွန်မ ကောင်းကောင်းမှတ်မိပါ တယ်။ အဲဒီအချိန်တုန်းက ကျွန်မတို့ မိသားစုဟာ အိမ်နောက်ဖေး ဈေးဆိုင်တည် ဆိုတဲ့ ဆိုရိုးစကားကို အပြည့်အဝ လိုက်နာ ကြတဲ့ ကျေးလက်နေ မိသားစုတစ်စု ဖြစ်ခဲ့ပါတယ်။

ရေတွင်းနဲ့နီးတဲ့နေရာ ခြံထောင့်မှာ အဖိုးက ဟင်းသီးဟင်းရွက်တွေကို နှစ် တိုင်းစိုက်ပျိုးပါတယ်။ ချဉ်ပေါင်၊ ပဲတောင့် ရှည်၊ သခွားသီး၊ ကန်စွန်းရွက်၊ ဥစား ကန်စွန်း စတာတွေပေါ့လေ။ စိုက်တုန်းက အိမ်မှာ စားသုံးဖို့အတွက် ရည်ရွယ်စိုက် တာပေမယ့် ပိုလျှံတဲ့အခါ အဖွားက ရွာဈေးမှာ သွားရောင်းပါတယ်။ ရွာဈေး ဆိုတာကလည်း ကိုယ့်ရွာကထွက်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေကိုပဲ ရွာသူ ရွာသားအချင်းချင်းပြန်ပြီး ဝယ်ရောင်း နေကြတာပါ။

ကိုယ့်ဒေသထွက်မဟုတ်တဲ့ အသီးအနှံမျိုးကို မြို့က ကုန်ကူးပြီး ရောင်းတဲ့အလေ့အထ မပေါ်သေးပါဘူး။ အဲဒီတုန်းက ဟင်းသီးဟင်းရွက်ဆိုတာ ဝယ်စားရတဲ့အရာလို့ကို ကျွန်မ မသိခဲ့ ဘူး။ ချက်တဲ့အချိန် ခြံထောင့်သွားပြီး ခူးလိုက်ရုံပါပဲ။

ကျွန်မတို့ ကလေးတွေက သခွားသီး စားချင်ရင် ကိုယ့်ဘာသာကိုယ် ခူးစားရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်။ ကျန်းမာရေး အတွက် စားသုံးသင့်တယ်လို့ ပြောနေကြ တဲ့ အော်ဂဲနစ် အသီးအရွက်တွေဆိုတာ အဖိုးစိုက်တဲ့ ဟင်းသီးဟင်းရွက်တွေ ပါလားလို့ အခုအသက်ကြီးလာမှ သိတော့ တယ်။

အဖိုးက သူဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးတဲ့အခါ ဓာတ်မြေဩဇာထည့်ဖို့ကို ဘယ်တုန်းကမှ စဉ်းစားခဲ့ပုံ မပေါ်ပါ။ အငွေ့တဝေဝေနဲ့ မီးရှို့ထားတဲ့ မြေဆွေးပုံ တွေဟာ သူ့အတွက် သဘာ၀မြေဩဇာ တွေပေါ့။ ဒါ့အပြင် တစ်ခါတလေ နွားချေးနဲ့ ကြက်ချေးကို မြေဩဇာလုပ်တာ မျိုးလည်း ရှိတယ်။ အဲဒီအချိန်တုန်းက ဓာတ်မြေဩဇာဆိုတာ ဘာမှန်းမသိ၊ ပိုးသတ်ဆေးဆိုတာ ဝေလာဝေး။ သဘာ၀ အစားအစာတွေကိုသာ ရှင်သန် စားသုံး ခဲ့ရတဲ့အချိန်ပေါ့။

စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက် တွေထဲက တစ်ချို့အသီးနဲ့ အစေ့အဆံတွေ ကို နောက်နှစ်မှာ စိုက်ပျိုးဖို့ အဖွားက မျိုးစေ့တွေ သိမ်းထားလေ့ရှိတယ်။ ကျွန်မတို့အိမ်မှာ မျိုးစေ့အမျိုးမျိုးကို ပုလင်းထဲမှာ ထည့်သိမ်းထားတာတွေ၊ အဝတ်ထုပ်တစ်ခုမှာ ထုပ်ထားတာတွေက အမြဲရှိနေတတ်တယ်။ နောက်နှစ် စိုက်ပျိုး လို့ရတဲ့အချိန်ရောက်ရင် သိမ်းထားတဲ့ မျိုးစေ့တွေကို ထုတ်ပြီး စိုက်ကြပျိုးကြ ရုံပါပဲ။

အဲဒီလို နေထိုင်စားသောက်မှုပုံစံ မျိုးနဲ့ သိုက်ဝန်းတဲ့ မိသားစုတစ်ခုကို ဆယ်စုနှစ်တစ်ခုကျော် လောက် ဖြတ်သန်း ပြီးတဲ့အခါ ပြောင်းလဲလာတဲ့ ခေတ်ရေစီး ကြောင်းအရ မိသားစုဝင်တွေရဲ့ အတွေး အခေါ်တွေကလည်း လိုက်လံပြောင်းလဲ လာခဲ့တယ်။

အဖိုး စိုက်နိုင်ပျိုးနိုင်တဲ့အရွယ်ကို လွန်ပြီး အိုမင်းမစွမ်းဖြစ်လာတဲ့အခါ အဖေက စိုက်ပျိုးတဲ့ တာဝန်ကို ဆက်ယူ ခဲ့ပေမယ့် စိုက်ပျိုးတဲ့ပုံစံက တစ်မျိုးပြောင်း လဲသွားတယ်။ ဟင်းသီးဟင်းရွက်တွေ ထွားကျိုင်းလှပဖို့အတွက် ဓာတ်မြေဩဇာ သုံးတာတွေ၊ ပိုးသတ်ဆေးသုံးတာတွေကို စလုပ်လာတယ်။ ရွာကနေမြို့ကို သွားဖို့ လမ်းပမ်းဆက်သွယ်ရေးက ပိုကောင်းလာ တော့ မြို့ကလာတဲ့ ပစ္စည်းတွေကို ခေတ်မီ တယ်ထင်ပြီး စမ်းသုံးကြတဲ့ သဘောပါပဲ။

ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတွေကြောင့် အဆမတန် ကြီးမားထွားကျိုင်းနေတဲ့ အသီးတွေ အရွက်တွေကို မြင်ရတဲ့အခါ စိုက်ပျိုးသူ အဖေက ပီတိတွေဖြစ်လို့။ ဒါဟာနောင်အခါမှာ အန္တရာယ်ဆိုတာကို သူတွေးလည်းမတွေးမိသလို တစ်ယောက် ယောက်က ပြောပြရင်လည်း ယုံမှာ မဟုတ်ဘူး။ သူမျက်စိရှေ့မှာ မြင်နေရတဲ့ အသီးအရွက်တွေက သန်လွန်းနေတာကိုး။

အဲဒီလို ဓာတ်မြေဩဇာနဲ့ ပိုးသတ် ဆေးတွေသုံးပြီး စိုက်ကြပျိုးကြတာက အဖေတစ်ယောက်တည်းတော့ မဟုတ်ပါ ဘူး။ ရွာမှာ ဟင်းသီးဟင်းရွက်စိုက်ပျိုး ကြသူ အားလုံးလိုလိုပါပဲ။ အဖေက အိမ်စားဖို့အတွက် စိုက်ပျိုးတာပေမယ့် စီးပွားဖြစ် စိုက်ပျိုးကြသူတွေလည်း ဒီနည်း အတိုင်း စိုက်ပျိုးကြပါတယ်။

မျိုးစေ့တွေဆိုရင်လည်း အဖိုးခေတ် တုန်းကလို ဘာမှ အထူးတလည် သိမ်း ဆည်းနေစရာမလို။ တရုတ်လား၊ ထိုင်း လား ဘယ်နိုင်ငံကမှန်းမသိ တင်သွင်း လာတဲ့ ပလပ်စတစ်အိတ်လှလှလေးတွေနဲ့ အဆင်သင့်ထုပ်ထားတဲ့ မျိုးစေ့တွေကို ရွာရဲ့အနီးဆုံးမှာရှိတဲ့ မြို့လေးမှာ သွား ဝယ်ပြီး စိုက်လိုက်ရုံ။ ဒီလိုနဲ့ အဝေးက နေလာတဲ့ မျိုးစေ့ကို မှီခိုလာတာနဲ့အမျှ ဒေသမျိုးရင်းအပင်မျိုးစိတ်တွေဟာ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့တယ်။ မျိုးစေ့သိမ်းထားသူ တချို့ရှိသေးပေမယ့် အများစုကတော့ မသိမ်းကြတော့ပါဘူး။

လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန် လာတာနဲ့အမျှ ကျွန်မတို့ ဒေသမှာ မရှိတဲ့ အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေကို မြို့ကနေ ကူးသန်းပြီး ရွာဈေးမှာ ရောင်းချ တဲ့ အလေ့အထလည်း ရှိလာခဲ့တယ်။ အဲဒီဟင်းသီးဟင်းရွက်တွေကလည်း အထွက်နှုန်းကောင်းဖို့၊ အသီးအရွက် ထွားကျိုင်းဖို့ ဓာတ်မြေဩဇာတွေ၊ ပိုး သတ်ဆေးတွေ လှိုင်လှိုင်သုံးထားတယ် ဆိုတာတော့ သေချာပါတယ်။

ရွာဈေးမှာ ဟင်းသီးဟင်းရွက်တွေ အလွယ်တကူ ဝယ်ယူလို့ရလာတဲ့အခါ “ဟင်းသီးဟင်းရွက်တွေ က ဈေးထဲမှာ ပေါလွန်းလို့ အပင်ပန်းခံစိုက်စရာမလို”ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်မတို့ မိသားစုလည်း အိမ်နောက်ဖေးက ဈေး ဆိုင်ကို ဖြုတ်သိမ်းလိုက်ကြပါတော့တယ်။

အဲဒီလို အနေအထားမျိုးနဲ့ ကျွန်မ တို့မိသားစု နောက်ထပ်ဆယ်စုနှစ်တစ် ခုကို ဖြတ်သန်းခဲ့ကြပြန်ပါတယ်။ အကျိုး ဆက်ကတော့ ကျွန်မတို့နိုင်ငံမှာ ကင်ဆာ ဖြစ်ပွားသူဦးရေဟာ တစ်နှစ်ထက်တစ်နှစ် ပိုများလာသလိုပဲ ကျွန်မလည်း ကင်ဆာ ရောဂါဖြစ်ပွားသူတစ်ဦးအဖြစ် စာရင်း ဝင်သွားပါတော့တယ်။

လွန်ခဲ့တဲ့လက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် အများသူငါလိုမျိုး ကျွန်မတို့မိသားစုလည်း အိမ်တွင်းအောင်း ဘ၀ကို ရောက်သွားကြပါတယ်။ ဈေးကို အတတ်နိုင်ဆုံး မသွားဖြစ်အောင် ခြံထဲ မှာ ရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ ကြံဖန် ချက်ပြုတ်စားသောက်ဖို့ ကြိုးစားခဲ့တယ်။

အိမ်တွင်းအောင်းကာလ တစ်လလောက် ရှိလာတဲ့အခါ အမေနဲ့ကျွန်မက ရေတွင်း အနီး ခြံထောင့်မှာ ဟင်းရွက်တွေ စတင် စိုက်ပျိုးဖို့ ပြင်ဆင်လာခဲ့တယ်။

အခုက နွေရာသီမို့ ဟိုအပင် ဒီအပင် နည်းနည်းစီလောက်ပဲ စိုက်နိုင်ပေမယ့် မိုးရွာလာရင် အပင်အမျိုးအစား ဒီထက် ပိုစုံအောင်စိုက်မယ်လို့ ကျွန်မတို့ မှန်းထား တယ်။ ဓာတ်မြေဩဇာတွေ ပိုးသတ်ဆေး တွေကိုလည်း မသုံးဖို့ ဆုံးဖြတ်ထား တယ်။ သဘာ၀အတိုင်း စိုက်ပျိုးစား သုံးကြမယ် ပေါ့လေ။ မျိုးစေ့တွေကိုလည်း တချို့သိမ်းထားတာ အနည်းအကျဉ်း ရှိနေတဲ့ဟာတွေ၊ အိမ်နီးချင်းတွေဆီကနေ တောင်းယူပြီး ရတဲ့ မျိုးစေ့နည်းနည်းစီကို တန်ဖိုးထားစိုက်ကြရ တော့တယ်။

ဒေသမျိုးရင်း မျိုးစေ့ထိန်းသိမ်းတာ နဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံက ဒေါက်တာဗန်တာနာရှီဗာ အကြောင်းကို အမေ့ကို ပြောပြမလားလို့ စဉ်းစားမိတယ်။

သူမအကြောင်း ပြောရင် ဘယ်က နေစပြောရင် ကောင်းမှာပါလိမ့်။

သူမဟာ ရူပဗေဒ ပညာရှင် တစ်ယောက်ဖြစ်ပေမယ့် အခုတော့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတစ်ယောက်အဖြစ် ဘ၀ကိုမြှုပ်နှံ ထားသူ။ အဓိကကတော့ အိန္ဒိယကျေး လက်နေ ပြည်သူတွေရဲ့ ဒေသထွက် မျိုးစေ့တွေကို မျိုးစေ့ဘဏ်တွေ တည် ထောင်ပြီး ဒေသမျိုးရင်း ထိန်းသိမ်းတဲ့ အလုပ်ကို ဦးဆောင်လုပ်ပေးတယ်။ သူမရဲ့ ဦးဆောင်မှုနဲ့ အိန္ဒိယနိုင်ငံတစ်ဝန်းမှာ မျိုးစေ့ဘဏ် ၅၂ ခု တည်ထောင်ထား ပြီးတော့ ဒေသခံပြည်သူတွေ အော်ဂဲနစ် စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးစိုက်ပျိုး ကြဖို့ကိုလည်း ကြိုးစားလုပ်ဆောင်ခဲ့သူ တစ်ဦးပေါ့။

မြေနေရာကျယ်ကျယ်ပြန့်ပြန့်နဲ့ နေထိုင်ရတဲ့ ကျေးလက်နေ ပြည်သူတွေ ဟာ ကိုယ့်ရဲ့ဒေသမျိုးရင်းနဲ့ အော်ဂဲနစ် အသီးအနှံတွေကို ကိုယ်တိုင် တစ်ပိုင် တစ်နိုင် စိုက်ပျိုးစားသုံးကြမယ်ဆိုရင် ဒီကမ္ဘာကြီးရဲ့ ဂေဟစနစ်ကို မပျက်ယွင်း အောင် ထိန်းသိမ်းပေးရာရောက်ရုံမက နောင်ဖြစ်လာမယ့် ကူးစက်ရောဂါ အန္တရာယ်၊ ရာသီဥတု ဖောက်ပြန်မှု အန္တရာယ်၊ သဘာ၀ဘေးဒဏ် အန္တရာယ် ကနေလည်း ကာကွယ်ပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ။

နီမာဦး(အံဒင်)