ဧပြီလကုန် အထိ မိုးရွာမည်

0
457

တနင်္သာရီတိုင်းအတွင်း ဧပြီ ၃၀ ရက်နေ့အထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် လေထုပြောင်းလဲမှုဖြစ်စဉ် ဖြစ်ပေါ်နေခြင်းကြောင့် မိုးရွာနိုင်စရာအကြောင်းရှိသေးသည်ဟု အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။

“ပင်လယ်ပြင်ပေါ်က လေထုပြောင်းလဲမှုဖြစ်စဉ် ဖြစ်တဲ့အတွက် ရေငွေ့ပါလာပြီး မိုးရွာနိုင်စရာအကြောင်းရှိတယ်၊ မိုးက ဆက်လာဖို့က ဖြစ်သွားပါပြီ” ဟု ဦးကျော်မိုးခိုင်က ဆိုသည်။

မေလ ၂ ရက်နေ့ နောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး ပိုအားကောင်းလာပြီး မုန်တိုင်းငယ် အဆင့်ရောက်လာပါက မုတ်သုန်ဝင်မည့်ကာလ ယခင်နှစ်ကထက် ပိုစောလာနိုင်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

လေဖိအားနည်းရပ်ဝန်း မဖြစ်တည်ပါက မုတ်သုန် အဝင်နောက်ကျမည်ဖြစ်ကြောင်း ဦးကျော်မိုးခိုင်က ပြောသည်။

တနင်္သာရီတိုင်းတွင် သင်္ကြန်ရက်များအတွင်း မိုးရွာသွန်းမှုဖြစ်စဉ်မရှိခဲ့ဘဲ ဧပြီလ ၂၄ ရက် ညနေပိုင်းတွင် ထားဝယ်ခရိုင်အတွင်း မိုး တစ်ကြိမ်ရွာသွန်းခဲ့သည်။ လေပြင်း အနည်းငယ်တိုက်ကာ မိုးခြိမ်းခဲ့သည်။

ထားဝယ်ခရိုင်တွင် သင်္ကြန်မိုး မရွာဘဲ ရေရှားလာသဖြင့် ပြည်သူများမှာ မိုးမျှော်လျက်ရှိသည်။

လေထုပြောင်းလဲမှုဖြစ်စဉ်ရွှေ့လျားမှုကြောင့် ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင်များတွင် မိုးရွာသွန်းမှုများ ၄ ကြိမ်ခန့် ဆက်လက်ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း ဦးကျော်မိုးခိုင်က ပြောသည်။

ဧပြီလ ၂၂ ရက်နေ့တွင် ထားဝယ်တွင် အမြင့်ဆုံးအပူချိန် ၃၉ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့ပြီး တနင်္သာရီတိုင်း၏ နေ့အပူချိန်သည် ပျမ်းမျှအပူချိန်၏ (၁.၅) ဒီဂရီစင်တီဂရိတ်ခန့်ပိုလာသည်ဟု ဦးကျော်မိုးခိုင်က ပြောသည်။

ယင်းအပြင် အပူပျံတက်တိမ်များကြောင့် မိုးတိမ်တောင်နှင့် လေပြင်းတိုက်ခတ်မှုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများအနေနှင့် မိုးတိမ်တောင်နှင့် လေပြင်းတိုက်ခတ်မှု အန္တရာယ်ကို မေလအကုန်ထိ သတိထားသင့်ကြောင်း ဦးကျော်မိုးခိုင်က ထပ်မံအသိပေးထားသည်။

မိုးမြင့်