တနင်္သာရီတိုင်းအတွင်း လွတ်ငြိမ်းခွင့်ရသူ တစ်ထောင်ကျော်ရှိ

0
1363

မြန်မာနှစ်သစ်ကူး အချိန်တွင် တနင်္သာရီတိုင်းအတွင်း သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်သူ တစ်ထောင်ကျော်ရှိကြောင်း အကျဉ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းခိုင်က ပြောသည်။

တိုင်းအတွင်းရှိ အကျဉ်းထောင် ၃ ခုနှင့် အလုပ်စခန်း ၃ ခုမှ စုစုပေါင်း ၁၁၃၅ ဦး လွတ်ငြိမ်းသက်သာခွင့်ရခဲ့ကြောင်း ၎င်းက ဆိုသည်။

ထိုလွတ်ငြိမ်းခွင့်ရသူများအနက် ကော့သောင်းအကျဉ်းထောင်မှ နိုင်ငံခြား ၉ ဦးပါဝင်ကြောင်း ဦးထွန်းခိုင်က ဆိုသည်။

“(နိုင်ငံခြားသား) ထားဝယ်တို့ မြိတ်တို့မှာ မပါဘူး၊ ကော့သောင်းတစ်ခုပဲပါတယ်”ဟု ဦးထွန်းခိုင်က ပြောသည်။

ထားဝယ်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရသူ ၁၄၅ ဦးရှိပြီး ၎င်းတို့ကို ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံသို့ ကားများဖြင့် ပို့ဆောင်ခဲ့သည်။

ယင်းနေရာမှတစ်ဆင့် မြို့နယ်အလိုက်ပြန်ခွဲကာ သက်ဆိုင်ရာ မြို့နယ်များကို ကားဖြင့်ပြန်ပို့မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

၎င်းတို့ကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့အစီအစဉ်ဖြင့်ခေါ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“သူတို့ကို မြို့နယ်တွေက လာခေါ်မှာပေါ့၊ လာခေါ်ပြီးမှ သူတို့မြို့နယ်အထိပေါ့နော်၊ ဟိုကျရင်တော့ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို လွှဲပေးမှာပေါ့”ဟု ဦးအောင်စိုးမိုးက ဆိုသည်။

မြိတ်ခရိုင်အကျဉ်းထောင်မှ အကျဉ်းသား ၃၆၂ ဦးနှင့် ကျောက်ဖြူတောင်အကျဉ်းထောင်မှ ၁၇၂ ဦးတို့ အသုတ်လိုက်ခွဲကာ စတင်လွှတ်ပေးနေပြီဖြစ်ကြောင်း မြိတ်ခရိုင်အကျဉ်းဦးစီးဌာန တာဝန်ရှိသူ ထံမှသိရသည်။

လွတ်ငြိမ်းခွင့်ရသူများထဲတွင် ရန်ကုန်၊ ပဲခူး၊ ကရင်ပြည်နယ် အစရှိသည့် အခြားတိုင်းနှင့် ပြည်နယ်များမှ ၁၅၁ ဦးပါဝင်ကြောင်း တိုင်းအကျဉ်းဦးစီးဌာနထံမှ သိရသည်။

အခြားတိုင်းနှင့် ပြည်နယ်တွင် နေထိုင်သူများကို ရွှေဝယ်သီရိမိုးလုံလေလုံအားကစားရုံတွင်ပင် အစားအသောက်နှင့် နေရာထိုင်ခင်းစီစဉ်ထားပြီး ယာယီနေရာချထားမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။

ထိုနောက် မြိတ်နှင့် ကော့သောင်းအကျဉ်းထောင်မှ လွတ်လာမည့်အခြားတိုင်းနှင့် ပြည်နယ်နေသူများနှင့်ပေါင်းကာ ဧပြီလ ၁၈ ရက်နေ့တွင် ကားဖြင့် နေရပ်အထိ ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အကျဉ်းထောင်နှင့် အလုပ်စခန်းများမှ လွတ်ငြိမ်းခွင့်ရသူ စာရင်း

ထားဝယ် -၁၄၅
မြိတ် – ၃၆၂
ကော့သောင်း – ၂၄၉
ဆင်ဖြူရှင် – ၁၅၉
ကျောက်ဖြူတောင် – ၁၇၂
နတ်စင်ကုန်း – ၄၈

ဓာတ်ပုံ – ကိုဇော်၊ ကိုဆန်း