ရေလှူသူ ငါးဦးထက်ပိုမသွားရ

0
678

ထားဝယ်ခရိုင်အတွင်း ရေရှားဒေသများသို့ ရေအလှူသွားမည်ဆိုပါက လူငါးဦးထက်ပိုမသွားရဆိုသည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

ယင်းအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွန်ချက်များကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ပြောသည်။

“(လူငါးဦးထက်မပိုစေရန်) ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက ကြပ်မတ်ဆောင်ရွက်ရမှာပေါ့နော်” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကြိုတင်ကာကွယ်သည့်အနေဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရန် လုပ်ဆောင်နေသည့် အချိန်ဖြစ်သောကြောင့် ယင်းအမိန့်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းဒေသန္တရအမိန့်ကို ဧပြီလ ၁၄ ရက်က ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး