တနင်္သာရီအစိုးရကို စွဲဆိုထားသည့်အမှု တရားရုံးလက်ခံ၊ မေလ ၁၅ ရက်နေ့ စစစ်မည်

0
276

အစိုးရ၏ ဆုံးဖြတ်လုပ်ဆောင်မှုများကြောင့် ဆုံးရှုံးနစ်နာရသည်ဟုဆိုကာ လျော်ကြေးငွေကျပ်သိန်းပေါင်းငါးသောင်းရလိုမှုဖြင့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက အစိုးရကိုတရားစွဲဆိုမှုကို တိုင်းတရားလွှတ်တော်က လက်ခံလိုက်ပြီဖြစ်သည်။


စူပါလိုကယ်ကုမ္ပဏီ၏ဆုံးရှုံးမှုများအတွက် လျော်ကြေးငွေရလိုမှုဖြင့်စွဲဆိုရာတွင် ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီး၊ တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းလူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး၊ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အပါအဝင် ၈ ဦးကို တရားစွဲဆိုထားခြင်းဖြစ်သည်။


သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ၈ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်သည့်ကိစ္စနှင့်ပတ်သက်၍ စူပါလိုကယ်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးတင်ထွန်းက စွဲဆိုခဲ့ခြင်းဖြစ်သည်။


ကုမ္ပဏီ၏ လျော်ကြေးငွေရလိုမှု (အဆိုလွှာ)လျှောက်ထားမှုကို မတ်လ ၂၄ စိစစ်ရာ ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရာထူး နေရာထပ်နေသည့်အတွက် ပြန်လည်ပြင်ဆင်စေခဲ့ပြီး အမှုကိုလက်ခံခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တိုင်းတရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။


အထက်ပါ အထွေထွေလျော်ကြေးငွေရလိုမှုကို တိုင်းတရားလွှတ်တော်က တရားမကြီးမှုအမှတ် ၁/၂၀၂၀ဖြင့် ကြားနာ စစ်ဆေးရန်လက်ခံခဲ့သည်။


“တရားလိုဘက်ကနေ အဆိုလွှာကို ပြင်ဆင်ပေးတဲ့အတွက်ကြောင့်မို့လို့ တရားပြိုင်တွေဟာ ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် အပါအဝင် ခုနစ်ဦးဖြစ်ပါတယ်”ဟု ဒေါ်အေးအေးသန်းက ပြောသည်။


အမှုကို လက်ခံလိုက်သည့်အတွက် တရားပြိုင်များ(ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ် အပါအဝင် ၇ဦး) ထံ အကြောင်းကြားစာ ထုတ်ဆင့်ရန်ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။


အထက်ပါ တရားပြိုင်များတရားရုံးသို့လာရောက်ရန် မေလ ၁၅ ရက်ကို ချိန်းဆိုထားကြောင်း အထက်ပါတရား လွှတ်တော်ရုံးထံမှ သိရသည်။


အဆိုပါ ဝန်ထမ်းအိမ်ရာအဆောက်အအုံကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး အဆောက်အအုံတွင် အသုံးပြုသည့် သံချောင်းအရွယ်အစားသေးငယ်ခြင်းနှင့် အခြားလုပ်ငန်းစဉ်အချို့တွင် စံချိန်မမီဟုဆိုကာ ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ကုမ္ပဏီအားလုပ်ငန်း ရပ်ဆိုင်းစေခဲ့ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောဆိုထားသည်။


စာချုပ်ပါစည်းကမ်းချက်ဖြစ်သည့် ၂၀၁၇ ခုနှစ် မတ်လအထိ အဆောက်အအုံ၏ ၆၅ ရာခိုင်နှုန်းပြီးစီးမှုမရှိခြင်း၊ အဆောက်အအုံတွင်သုံးစွဲထားသည့် သံချောင်းအရွယ်အစားသေးငယ်ခြင်း နှင့် အခြားတည်ဆောက်ရေးလုပ်ငန်းစဉ်အချို့ စံချိန်မမီခြင်းတို့ကြောင့် လုပ်ငန်းရပ်ဆိုင်းကြောင်း တိုင်းအစိုးရအဖွဲ့ အစည်း အဝေးဆုံးဖြတ်ချက်ဖြင့် ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် စာထုတ်အကြောင်းကြားခဲ့ကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။


စူပါလိုကယ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာဖြစ်သူကမူ အဆောက်အအုံဆောက်လုပ်မှု လုပ်ငန်းစဉ်အချို့ စံချိန်မမီခြင်း၊ ဆောက်လုပ်ရာတွင်သုံးစွဲထားသည့် သံချောင်းအရွယ်အစားသေးငယ်ခြင်းများကို စိစစ်တွေ့ရှိရသည် ဆိုသည့်အပေါ် လက်ရှိအချိန်တွင် တုံ့ပြန်ပြောဆိုလိုခြင်းမရှိသေးကြောင်း ပြောဆိုထားသည်။


ယင်းဆောက်လက်စ အဆောက်အအုံကို ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် အဆောက်အအုံဦးစီးဌာနက တာဝန်ယူကာ စတင်ဆောက်လုပ်ခဲ့ပြီး လက်ရှိတွင် ၇၁ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။