ပြည်တွင်းခရီးက ပြန်လာသူများ ကျန်းမာရေး အစစ်ခံရမည်

0
940

ပြည်တွင်းခရီးမှ တနင်္သာရီတိုင်းသို့ ပြန်လာသူများမှာ စောင့်ကြည့်စခန်းတွင် ၁၄ ရက်နေထိုင်ရန် မလိုအပ်သော်လည်း ကျန်းမာရေးစစ်ခံရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးရွာအချို့တွင် ပြည်တွင်းခရီးမှ ပြန်လာသူများကို စောင့်ကြည့်စခန်းတွင် ၁၄ ရက်နေထိုင်ရန် ရွာတာဝန်ရှိသူများက ဖိအားပေးမှုနှင့် ပတ်သက်ပြီး ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တကယ်တမ်းကျတော့ ကျွန်တော်တို့ နိုင်ငံတော်အစိုးရကရော၊ တိုင်းဒေသကြီးအစိုးရရော၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရော Local Quarantine ၁၄ ရက်တာ လုပ်ရမယ်ဆိုတာ ညွှန်ကြားထားခြင်း၊ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး”ဟု ဝန်ကြီး ဦးကျော်မင်းကဆိုသည်။

ထိုကြောင့် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးအစိုးရနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တို့၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် ၎င်းကဆိုသည်။

သို့သော် ကိုယ်အပူချိန်မြင့်တက်နေခြင်း၊ ချောင်းဆိုးခြင်းကဲ့သို့သော ရောဂါပိုးရှိကြောင်း လက္ခဏာ တစ်ရပ်ရပ်ရှိပါက ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်အတိုင်း လိုအပ်ပါက ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ စောင့်ကြည့်စခန်းသွင်းခံရမည်ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။

ပြည်ပမှ ပြန်လာသည့် မည်သူမဆို ၁၄ စောင့်ကြည့်စခန်းသွင်းခံရမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ၁၄ စောင့်ကြည့်စခန်းသွင်းခံရပြီးသူများကို ထောက်ခံချက် လက်မှတ်ထုတ်ပေးမည်ဖြစ်ပြီး ယင်းတို့ကိုသာ နေရပ်ပြန်ခွင့်ပြုမည်ဖြစ်သည်။