ဘ၀ကို တစ်ခန်းရပ်လိုက်ကြသူများ

0
853

လူ့ဘ၀ဟာ ရခဲတယ်လို့ ကျွန်တော်တို့ အများစုက ဘာသာရေးအရယုံကြည် ကြပါတယ်။ လူတွေအများစုကို မေးကြည့်ရင် သေရမှာကြောက်ပါတယ်။ ဒါဟာသဘာ၀ပါပဲ။ ဒါကြောင့်လည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာဖို့ ကျွန်တော် တို့ ဂရုစိုက်ကြရတယ် မဟုတ်လား။ နည်းနည်းလေးများ ကျန်းမာရေးချို့ယွင်း လာရင် ကျွန်တော်တို့ သိပ်စိတ်မချမ်းမြေ့ နိုင်ပါဘူး။ အခုလို ကိုဗစ်ရောဂါကန္တရကပ် ဆိုက်နေတဲ့ အချိန်မျိုးဆိုရင် ကိုယ့်ကိုယ် မကူးစက်ဖို့ စိုးရိမ်ရတဲ့ ဖြစ်ခြင်း။ ကျွန်တော် တို့ကို လူ့လောကကြီးထဲက ဆွဲထုတ် သွားမယ့် အကြောင်းအရင်းတွေကို ကျွန်တော်တို့ မလိုလားဘူးလေ။ တတ်နိုင် သမျှ အန်တုရမယ်မဟုတ်လား။

ဒါပေမဲ့လည်း ကျွန်တော်တို့ လူ့လော ကထဲမှာ အကြောင်းအမျိုးမျိုးကြောင့် အသက်ဆက်မရှင်တော့တဲ့သူတွေ ဘ၀ကို ကိုယ့်ဘာသာ တစ်ခန်းရပ်ပစ်လိုက်ကြသူ တွေ အများကြီးရှိနေပါတယ်။ ဒါကတော့ မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းဆိုတဲ့ လမ်းကို လှမ်းလျှောက်ကူးမြောက်သွားတဲ့ သူတွေရယ်ပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့အချက်အလက်တွေအရ နှစ်စဉ်နှစ် တိုင်းမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်လို့ သေဆုံးသွားသူ အရေအတွက်စုစုပေါင်း ဟာ ကမ္ဘာတစ်ဝန်း ရှစ်သိန်းနီးနီးရှိသတဲ့ ခင်ဗျ။ ဒါဟာ စက္ကန့် ၄၀ ကြာတိုင်းမှာ လူတစ်ယောက်က ဒီလိုနည်းနဲ့ လူ့လောက ထဲက ထွက်နေတယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေပါသတဲ့။ ၂၀၁၇ ခုနှစ်မှာ ပြုစုခဲ့တဲ့ စာရင်းတစ်ခုရဲ့ အဆိုရ သည်လို မိမိ ကိုယ်ကိုယ်အဆုံးစီရင်လို့ အသက်ဆုံးရှုံးရသူ စုစုပေါင်းဟာ ကမ္ဘာတစ်ဝန်း ၇၉၃၈၂၃ ဦး ရှိခဲ့ပါသတဲ့ ခင်ဗျ။

စိတ်ဝင်စားဖို့ကောင်းတာက ဒီလိုအဆုံးစီရင်မှုနှုန်းမြင့်တဲ့နိုင်ငံတွေဟာ ဝင်ငွေမြင့်တဲ့နိုင်ငံ တစ်နည်းအားဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေက ဖြစ်နေပါတယ်။ အဲဒီနိုင်ငံ တွေရဲ့ လူတစ်သိန်းမှာ လူ ၁၁ ယောက် နှုန်းလောက်က မိမိဘာသာ အဆုံးစီရင်နေ ကြတဲ့ သဘောပါ။ သို့ပေမဲ့လည်း ဒီလို အဆုံးစီရင်ပြီး ဘ၀ကို တစ်ခန်းရပ်ကြသူ အများစု ၇၉ ရာခိုင်နှုန်း ကတော့ ဝင်ငွေ နိမ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဝင်ငွေအလယ် အလတ်နိုင်ငံတွေကဖြစ်ပါတယ်။ ကမ္ဘာ တစ်ဝန်းက သေဆုံးသူတွေကိုလေ့လာ ကြည့်တဲ့အခါ အမျိုးသားတွေက ဒီလို ကိစ္စမျိုးကို ပိုလို့ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အသက် (၁၅-၂၉) နှစ်ကြားအမျိုးသားတွေ အနိစ္စ ရောက်ရရှာတဲ့ အကြောင်းရင်းတွေမှာ လမ်းပေါ်မှာ ယာဉ်မတော်တဆမှုဖြစ်ကြ တာ ပြီးရင် ဒီလို မိမိကိုယ်ကိုယ် အဆုံး စီရင်တာက ဒုတိယ အကြောင်းရင်းဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာရောအခြေအနေ ဘယ်လိုရှိပါသလဲ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂၀၁၆ခုနှစ် ကိန်းဂဏန်း တွေအရ မြန်မာနိုင်ငံမှာ လူတစ်သိန်းမှာ အမျိုးသား ငါးယောက်လောက်ဟာ မိမိဘာသာ အဆုံးစီရင်ကြလို့သေဆုံးရတဲ့သဘောဖြစ်ပါတယ်။ ဒီနှုန်းက ကမ္ဘာ တဝန်းရဲ့ ပျမ်းမျှနှုန်း လူတစ်သိန်းတွင် အမျိုးသား ၁၃ ဦးခန့်နဲ့ယှဉ်တဲ့ အခါ နည်းပါတယ်။

ဒါပေသိ စိတ်မကောင်း စရာကတော့ မြန်မာ အမျိုးသမီးတွေရဲ့ အဆုံးစီရင်နှုန်း (လူတစ်သိန်း အမျိုးသမီး ၉ ဦးခန့်) က ကမ္ဘာတစ်ဝန်း (လူတစ်သိန်း တွင်အမျိုးသမီး ၇ ဦးခန့်) နဲ့ယှဉ်ရင် မြင့်နေတာပါ။ ဒီကိန်းဂဏန်းတွေအရ ဆိုရင် မြန်မာပြည်မှာ အမျိုးသမီးတွေက ပိုပြီး မိမိဘာသာ အဆုံးစီရင်နေကြတဲ့ သဘောဖြစ်ပါတယ်။ ကိုးကားဖို့ ယုံကြည် ရတဲ့ အထောက်အထား သိပ်မရှိပေမဲ့ ရှင်းနေတဲ့ အချက်တစ်ခုက မြန်မာအမျိုး သမီး အချို့မှာ ကျားမရေးရာခွဲခြားခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ အိမ်တွင်း အကြမ်းဖက်ခံရမှု၊ မီးဖိုချောင် ထိန်းသိမ်း ရတဲ့ တာဝန် စတဲ့ လူမှု၊ စီးပွား နယ်ပယ် အရပ်ရပ်မှာ ခါးသီးစရာဖြစ်ရပ်တွေက ဒီလို ဖြစ်ရပ်တွေအတွက် တွန်းအားဖြစ်နေ တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ၂၀၁၇ စာရင်းအရ မြန်မာနိုင်ငံမှာ မိမိဘာသာ အဆုံးစီရင်မှုကြောင့်သေဆုံး တဲ့ အရေအတွက်ဟာ ၂၃၂၃ ဦးအထိရှိခဲ့ တယ်လို့ဆိုပါတယ်။

ဘ၀ကို တစ်ခန်းရပ်သွားသူတွေရဲ့ အကြောင်းကို လေ့လာပြီး သူတို့ဘာကြောင့် ဒီလိုလုပ်သွား ခဲ့ကြတယ်ဆိုတာကို ဖော်ထုတ်ကြတဲ့အခါ အများစုကောက် ချက်ချတာကတော့ အောက်ပါအကြောင်း များကြောင့်ဖြစ်ပါတယ်။

စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနှင့် စိတ်မကျန်းမာမှု

ဒါကတွေကတော့ အဓိကအကြောင်း ရင်းတွေပါပဲ။ လူမှု စီးပွား ပညာရေးတွေမှာ စိတ်ညစ်စရာတွေ၊ ကြီးမားတဲ့ စိတ်ဖိစီးမှုတွေကြုံလာတဲ့ အခါ ဒီလို အဆုံးစီရင်မှုတွေကို ပြုလုပ်တတ်ပါတယ်။ တချိန်ချိန်တုန်းက မိမိတို့ တွေ့ကြုံခဲ့တဲ့၊ ရင်ဆိုင်ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေရဲ့ အရိပ်မဲ အကျိုးဆက်တွေကြောင့်လည်း စိတ်မမာ ဖြစ်ပြီး ဘ၀ကို ဒီလို အဆုံးသတ်သွားတတ် ပါတယ်။

အရက်သေစာ၊ မူးယစ်ဆေးဝါးသုံးကာ စိတ်လွတ်ခြင်း

ဒီလို အရာတွေ သောက်စား စွဲလမ်း လာတဲ့ အခါမှာ စိတ်လွတ်တတ်ပြီး စိတ်လက်မာန်ပါ လုပ်မိရာကနေ မိမိ ကိုယ်ကိုယ် အဆုံးစီရင်တာအထိဖြစ် သွားတာမျိုးဖြစ်ပါတယ်။

ဆုံးရှုံးရတာ၊ ဆုံးရှုံးရမှာ ကြောက်တာ

ဘ၀မှာတန်ဖိုးထားရတဲ့ အရာတွေ ကို လက်လွှတ်ဆုံးရှုံးသွားရတဲ့အခါ ရှင်သန်နေရတာဟာ အဓိပ္ပါယ်မဲ့သွား သလို ခံစားရတတ်ပါတယ်။ ဥပမာ၊ မိမိတန်ဖိုးထားရသူတွေ၊ ချစ်ခင်ရသူတွေ၊ ဂုဏ်သိက္ခာတွေ၊ စည်းစိမ်ဥစ္စာတွေ စတာတွေ ဆုံးရှုံးသွားရတဲ့အခါ လူတချို့ဟာ ဘ၀ကို တစ်ခန်းရပ်လိုက်ကြတတ်ပါတယ်။

မျှော်လင့်ချက်မဲ့သွားတာ

ကျွန်တော်တို့ဟာ ဘ၀မှာ မျှော်လင့် ချက်တွေနဲ့ အသက်ရှင်နေကြတယ်လို့ အတော်များများ ပြောကြပါတယ်။ မရေရာမှုတွေများတဲ့လောကမှာ မျှော်လင့် ချက်နဲ့ ဘ၀နေ့ရက်တွေကို ဖြတ်သန်း နေရတာမျိုးပါ။ လူတချို့ကတော့ သူတို့ မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ပြဿနာတွေ ကြုံလာရတဲ့ အခါ မျှော်လင့် ချက်တွေ ပျောက်ကုန်တာ၊ စိတ်ဓာတ်တွေ ကျတာမျိုးဖြစ်ပြီး လူ့လောကကြီးကို စက်စုပ်သွားပါတယ်။ ဒီလိုနဲ့သူတို့တွေ ဟာ လူ့လောကကြီးထဲကထွက်ခွာဖို့ ဆုံး ဖြတ်လိုက်ကြတာမျိုးဖြစ်ပါတယ်။

နာတာရှည်ရောဂါလို ရောဂါဆိုးတွေ ခံစားနေရခြင်း

ကင်ဆာလို၊ ဆီးချိုလို၊ ခုခံအားကျ ဆင်းမှုရောဂါလိုမျိုး နာတာရှည် ရောဂါ ဝေဒနာတွေကလည်း ဝေဒနာရှင်တွေ အတွက် အသက်ရှင်လိုစိတ်ကို လျော့စေ တတ်ပါတယ်။ ဝေဒနာရှည်ကြာ ခံနေရ တာထက်စာရင် မြန်မြန်သေတာ ကောင်းတယ်ဆိုတဲ့ အတွေးမျိုးဝင်လာပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြသူ တွေလည်းရှိပါတယ်။ အထူးသဖြင့် ကိုယ် က သူများတွေအတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပါလားလို့တွေးမိတဲ့ အခါမျိုးမှာ ဒီလိုကျူးလွန်ဖို့ တွန်းအားဖြစ်တတ်ပါ တယ်။

အထီးကျန်ခြင်း

လူတွေနဲ့ နီးလျက်နဲ့ဝေးနေ၊ ကိုယ့် ဘ၀ဟာ လူတွေကြားထဲမှာ ပျောက်နစ် နေတာမျိုးဖြစ်နိုင် ပါတယ်။ အထီးကျန် တယ်ဆိုတာ လူသူမရှိတဲ့ တောထဲရောက် နေလို့မဟုတ်ဘဲ လူတွေကြားထဲမှာ နေထိုင်ရင်းပဲ ကိုယ့်ကိုနားလည်ပေးနိုင် မယ့်သူမရှိ၊ စကားပြောဖော်မရှိ၊ စတဲ့ ခံစားချက်တွေလို ဖြစ်လာတတ်ပါတယ်။ ဒီအခါမှာ တစ်ယောက်တည်း အထီးကျန် ဆန်နေရတာကို မုန်းလာပြီး ရှင်သန် ခြင်းကို ရပ်တန့်လိုက်တတ်ကြမျိုးရှိပါတယ်။

စိတ်ခွန်အားပြန်မဖြည့်နိုင်ခြင်း

အစစအရာပြည့်စုံနေတဲ့သူတွေ၊ အောင်မြင်ကျော်ကြားနေတဲ့ ငယ်ငယ် ရွယ်ရွယ် အချောအလှ မင်းသား၊ မင်းသမီး၊ အဆိုတော်တွေ အဆုံးစီရင်သွားကြတာကို ကြားရတဲ့ အခါ လူအများစုက အံ့ဩမိကြ ပါတယ်။ ဒီလိုမျိုး အောင်မြင်လာတဲ့သူ တွေမှာ ကြီးမားတဲ့ လူမှုရေး၊ စီးပွားရေး ဖိအားတွေကြုံတဲ့အခါ သာမန်သူတွေ ထက် စိတ်ပင်ပန်းရတတ်ပါတယ်။ ဒီလို စိတ်ပင်ပန်းမှုမျိုးကို ကြုံလာရင် မှန်ကန် သင့်တော်တဲ့ နည်းတစ်ခုခုနဲ့ စိတ်အား ဖြည့်ရပါတယ်။ ဒီလိုမလုပ်နိုင်တဲ့ အခါ ကိုယ့်ရဲ့အောင်မြင်မှုဟာ ကိုယ့်အတွက် ဖိအားကြီးဖြစ်လာပြီး လူ့လောကကြီးကို စိတ်ပျက်သွားစေတတ်ပါတယ်။

ဒီအထက်မှာဖော်ပြခဲ့တာတွေ ကတော့ မိမိကိုယ်ကိုယ်အဆုံးစီရင်မှုဖြစ် နိုင်တဲ့ အကြောင်းရင်းတွေပဲဖြစ်ပါတယ်။ ဒီလို အဆုံးသတ်တာဟာ ဥပဒေအရ ခွင့်ပြုထားခြင်းမရှိတဲ့ အတွက် ပြစ်မှုကျူးလွန် ရာလည်းရောက်ပါတယ်။ မိမိ အနီးအနားက လူတွေမှာ အထက်က အကြောင်းတရား တွေလို ကြုံနေရတယ်ဆိုရင် သတိပြုဖို့၊ သူတို့တွေကို ဖေးမဖို့၊ သတိပေးဖို့ စတာ တွေလုပ်ဆောင်သင့်ပါတယ်။ မိမိတို့ရဲ့ အားပေးနှစ်သိမ့် စကားတစ်ခွန်းဟာလည်း လူတစ်ယောက်ရဲ့အသက်ကို ကယ်နိုင်ပါ တယ်။ ဒီလိုမှသာ ဆယ်တန်းအောင်စာရင်း ထွက်တဲ့အခါ သတ်သေသွားတဲ့ ကျောင်းသား၊ သူတွေ အကြောင်း၊ စီးပွားရေးကျလို့ ဘယ်သူတွေက ဒီလိုလုပ်သွားပြီဆိုတဲ့ စိတ်မချမ်းသာ စရာအကြောင်းတွေ ကြားရတာမျိုးလျှော့ချနိုင်မှာပါ။ ဒီလို အဆုံးစီရင်တာဟာလည်း ပြဿနာကို ကုစားနိုင်တဲ့ နည်းတစ်ခုမဟုတ်ပါဘူး။ ရှင်သန်နေရခြင်းကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းနိုင်ပြီး စိတ်ခွန်အား ပြန်လည် ဖြည့်နိုင်ကြစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ကိုးကား

https://www.who.int/mental_health/prevention/suicide/suicideprevent/en/

https://www.who.int/news-room/detail/09-09-2019-suicide-one-person-dies-every-40-seconds

https://www.who.int/news-room/fact-sheets/detail/suicide

https://www.usnews.com/news/best-countries/slideshows/countries-with-the-highest-suicide-rates

https://ourworldindata.org/suicide

https://www.unfpa.org/news/better-suicide-prevention-and-mental-health-care-needed-among-myanmars-most-vulnerable

https://www.moi.gov.mm/moi:eng/?q=content/world-mental-health-day-2019-focus-suicide-prevention