မောင်းမကန်ရေပူစမ်း အဆင့်မြှင့်ရေး လူနေအိမ်များ ဦးစွာပြောင်းရမည်

0
1265

မောင်းမကန်ကမ်းခြေအနီးရှိ မောင်းမကန်ရေပူစမ်းအဆင့်မြှင့်တင်ရေး အစီအစဉ်များကို ရေပူစမ်းမြေဧရိယာအတွင်းရှိ လူနေအိမ်များပြောင်းရွှေ့ပြီးမှ စတင်နိုင်မည်ဟုကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ပြောကြားသည်။


တပ်မတော်မှပိုင်ဆိုင်ပြီး ကုမ္ပဏီတို့က အဆင့်မြှင့်တင်ရန်ကမ်းလှမ်းခံထားရသော မောင်းမကန်-ပန်းတင်အင်းလမ်းဘေးရှိ ရေပူစမ်းမြေဧရိယာ ၁၉ ဒသမ ၆၇ ဧကအတွင်း လူနေအိမ် ၆ လုံး ကျူးကျော်ဝင်ရောက်နေထိုင်နေကြောင်း ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ပြောသည်။


“ရေပူစမ်းအဆင့်မြှင့်တင်ဖို့ အစီအစဉ်ရှိပါတယ်။ အသေးစိတ်ကတော့ ဆောင်ရွက်မယ့် အစီအစဉ်ကိုတော့ ရေးဆွဲနေပြီးတော့ အမှန်တကယ်လုပ်မယ့်ကုမ္ပဏီနဲ့ တာဝန်ပေးပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီအိမ် ၆ လုံး အားလုံးဖယ်ရှားပြီးမှပဲ အဲဒီအစီအစဉ် တွေဆွဲပြီး ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်။ သူတို့ထွက်သွားပြီးမှပဲ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ဆိုသည်။


ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်က အိမ်ပိုင်ရှင်များအား နေအိမ်များကို ပြောင်းရွှေ့ဖယ်ရှားပေးရန် လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လကတည်းက ညွှန်ကြားထားသည်။


ကျူးကျော်သူများက အထက်တန်းကျောင်းသားများရှိသည့် အိမ်ဖြစ်သည့်အတွက် ၂၀၂၀ ပြည့်နှစ် မတ်လကုန်တွင် ပြောင်းရွှေ့ပေးမည်ဟု တပ်မတော်တာဝန်ရှိသူများနှင့် တွေ့ဆုံညှိ နှိုင်းပြောဆိုခဲ့ရာ ယခုမတ်လကုန်တွင် အပြီးပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်း ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ပြောသည်။


နေအိမ်ပိုင်ရှင်အချို့ကမူ ၎င်းတို့သည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ရွာခံပိုင်ရှင်တစ်ဦး ကာလပေါက်ဈေးဖြင့် ဝယ်ယူကာ အိမ်ဆောက်ခြင်း၊ ဥယျာဉ်ခြံတည်ခြင်းများ ပြုစဉ်က မည်သူမျှ လာရောက်ဟန့်တားခြင်းမပြုခဲ့ဘဲ ယခုမှနှင်ထုတ်ခံရကြောင်း ပြောဆိုကြသည်။


ထိုနေရာကထွက်ခွာပြီး အခြားတွင်နေရန် မြေမရှိသဖြင့် လက်ရှိတွင်အိမ်ဖျက်ပြီး ထွက်ခွာသွားရန်မရှိကြောင်း အိမ်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဒေါ်တင်ရွှေက ပြောသည်။


“ဖျက်ပြီးထွက်ဖို့ အဆင်သင့်မဖြစ်သေးလို့ ဒီအတိုင်းပဲနေမယ်လို့ ဆုံးဖြတ်ထားတယ်”ဟု ဒေါ်တင်ရွှေက ပြောသည်။


လက်ရှိနေထိုင်သူတို့က ၎င်းတို့ နေအိမ်များကို ချန်လှပ်ပေးစေလိုကြောင်း၊ သို့မဟုတ်ပါက မြေနေရာ အစားထိုးပေးစေလိုကြောင်း ပြောကြသည်။


ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးထွန်းထွန်းဝင်းကမူ ထိုသို့ပြုလုပ်ရန် ၎င်းတွင် လုပ်ပိုင်ခွင့်မရှိဟု ပြောသည်။


“ကျွန်တော်တို့ကတော့ သူတို့ကိုဖယ်ပေးရမယ့် အချိန်ကာလတော့ ပေးခဲ့ပြီးပြီလေ။ ပေးခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ကျန်တဲ့အစားထိုးမြေနေရာ ပေးတာပြုတာကျတော့ လုပ်ပေးနိုင်တဲ့ အခွင့်အာဏာ ကျွန်တော်တို့မှာမရှိဘူးပေါ့”ဟု ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ပြောသည်။


တပ်မေတော်ဘက်မှ အိမ်ရှင်များအား မတ်လအကုန်တွင် အပြီးဖယ်ရှားရန်နှင့် ဖယ်ရှားခြင်းမပြုဘဲ ဆက်လက်နေထိုင်ပါက သက်ဆိုင်ရာတရားရုံးတစ်ဆင့် ဆက်လက်၍တည်ဆဲဥပဒေနှင့်အညီ အရေးယူမှုများဆောင်ရွက်သွားမည်ဟု မတ်လ ၁၂ ရက်စွဲဖြင့် ထပ်မံ အကြောင်းကြား ထားသည်။


ယင်းရေပူစမ်းဧရိယာအား အဆင့်မြှင့်တင်ရန် ကုမ္ပဏီကကွင်းဆင်းစုံစမ်းခြင်း၊ တပ်ဘက် သက်ဆိုင်ရာဌာနကို ကမ်းလှမ်းလာခြင်းတို့ရှိပြီး ၎င်းကမ်း လှမ်းမှုကိုတစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချထားခြင်းမျိုး မရှိသေးကြောင်း ကမ်းရိုးတန်းဒေသ စစ်ဌာနချုပ်ထံမှ သိရသည်။