စေတနာ့ဝန်ထမ်းတစ်ရာဖြင့် ကိုရိုနာကာကွယ်ရေး ကဏ္ဍငါးခု ဆောင်ရွက်

0
747

ထားဝယ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် စေတနာ့ဝန်ထမ်းတစ်ရာဖြင့် ကဏ္ဍငါးခုကို ဆောင်ရွက်မည်ဖြစ်ကြောင်း Covid-၁၉ ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့ (ထားဝယ်)အဖွဲ့ထံမှ သိရသည်။


ယင်းကဏ္ဍငါးခုမှာ ပိုးသတ်ဆေးဖျန်းမည့်အဖွဲ့၊ PPE ဟုခေါ်သော ရောဂါကာကွယ်ရေးဝတ်စုံသရုပ်ပြအဖွဲ့၊ ထားဝယ်အဝင်ဂိတ်များကို ဖြတ်ကျော်ဝင်ရောက်လာသူတို့၏ ခရီးသွားမှတ်တမ်း အချက်အလက်ကောက်ယူမည့်အဖွဲ့၊ ကောက်ယူရရှိသည့်အချက် အလက်များကို စုဆောင်းမည့်အဖွဲ့ တို့ဖြစ်သည်။


ယင်းအပြင် ၁၄ ရက်စောင့်ကြည့် ခံရသူ(Quarantine) တို့ကို နှစ်သိမ့်ဆွေးနွေး၊ ပညာပေးမည့်အဖွဲ့၊ အသံချဲ့စက်များဖြင့် နယ်လှည့်အသိပညာပေးအဖွဲ့ တို့ဖြစ်ကြောင်း အထက်ပါအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးလည်းဖြစ် စေတနာ့ဝန်ထမ်းကြီးကြပ်ရေး ကော်မတီ တာဝန်ခံတစ်ဦးလည်းဖြစ်သူ ဦးဇော်ညွှန့်က ပြောသည်။


ယင်းအဖွဲ့များတွင် ဇမ္ဗူသီရိအရေးပေါ်လူနာတင်အဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ ထားဝယ်မြို့ရှိ ကွန်ပျုတာပညာရှင်များအသင်းနှင့် စေတနာ့ဝန်ထမ်းလူငယ်များလည်း ပါဝင်သည်။


“ဒီလုပ်ငန်းစဉ်မှာ လူတွေဘက်ကနေပြီး ပူးပေါင်းပါဝင်ပေးမယ်ဆိုရင် ရောဂါထိန်းချုပ်ရေးအပိုင်းမှာ ပိုထိရောက်မယ်လို့ ထင်တယ်”ဟု ဦးဇော်ညွှန့်က ဆိုသည်။


စေတနာ့ဝန်ထမ်းများသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါထိန်းချုပ်ရေးကို ကိုယ်တိုင်စိတ်ပါဝင်စားမှုရှိရမည့်အပြင်၊ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်လည်းရှိရမည် ဖြစ်သည်။

ကျော်သူစိုး