ကံပေါက်တိုက်နယ်ဆေးရုံရှိ ကိုရိုနာကိစ္စ စောင့်ကြည့်လူနာအဆင့်သာရှိဟုဆို

0
608
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်တိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသနေသည့် အမျိုးသားမှာ စောင့်ကြည့်လူနာအဆင့်သာရှိကြောင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြောသည်။

ယင်းစောင့်ကြည့်လူနာမှာ လည်ချောင်းနာပြီး ချောင်းဆိုးသည့်အတွက် သမားတော်ကြီးများနှင့် တိုင်ပင်ကာ သွေးဖောက် စစ်ဆေးထားပြီး ကိုရိုနာရောဂါလက္ခဏာနှင့် မတူညီကြောင်း တိုင်းဦးစီးမှူး ဒေါက်တာထွန်းမင်းက ဆိုသည်။

“သူ့ရဲ့ရောဂါလက္ခဏာတွေက တူတယ်ဆိုရင်တော့ ကျွန်တော်တို့က ထားဝယ်ဆေးရုံကြီးကို ရွှေ့ပြီးတော့ လုပ်မှာ။ ခုချိန်ထိတော့ သမားတော်ကြီးတို့က မတူဘူးလို့ပဲ ပြောထားတယ်”ဟု ဒေါက်တာထွန်းမင်းက ပြောသည်။

သွေးဖောက်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်စစ်ခြင်း အဖြေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုလက္ခဏာနှင့် ဆင်တူနေပါက အာခေါင်နှင့်လည်ချောင်းအတွင်းမှ နမူနာများရယူပြီး ရန်ကုန်မြို့ရှိဓာတ်ခွဲခန်းကို ပို့ဆောင်ရကြောင်း ၎င်းက ဆိုသည်။

အုန်းပင်ကွင်းကျေးရွာအုပ်စုအတွင်းရှိ ပယကျေးရွာတွင် အသက် ၂၂ နှစ်အရွယ် အမျိုးသားက ထိုင်းနိုင်ငံမှ ပြန်လာသည်မှာ ၄ ရက်ခန့်ရှိပြီဖြစ်ပြီး လက်ရှိတွင် ကံပေါက်တို်က်နယ်ဆေးရုံတွင် သီးခြားခွဲထားသည်ဟု သိရကြောင်း ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်စိုးက ပြောသည်။

အဆိုပါ လူငယ်မှာ ရောဂါဖြစ်ပွားနေသည့် ထိုင်းနိုင်ငံမှ ပြန်လာသူဖြစ်ပြီး အဖျားအနည်းငယ်ရှိနေသည့်အတွက် စောင့်ကြည့်ရန် ဆေးရုံတွင် သီးခြားခွဲထားကြောင်း ရေဖြူမြို့နယ် ကုသရေးဦးစီးမှူး ဒေါက်တာခင်မျိုးက ဆိုသည်။

“အဖျားရှိတယ်၊ လည်ချောင်းနာတယ်၊ ချောင်းဆိုးတယ် ဒါပါပဲ၊ ဒီဟာကတော့ ဒီရာသီမှာ ဖြစ်တဲ့ဟာပဲ၊ ဒါပေမယ့် ထိုင်းနိုင်ငံက ပြန်လာတာဖြစ်တဲ့အတွက် ရောဂါရှိတဲ့နိုင်ငံက ပြန်လာတဲ့အတွက် နည်းနည်းလေး စောင့်ကြည့်တာပါ”ဟု ဒေါက်တာခင်မျိုးက ဆိုသည်။

လက်ရှိတွင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်ဆေးရုံအချို့တွင် ဖျားပြီးချောင်းဆိုးနေသည့် လူနာအချို့ကို စောင့်ကြည့်လူနာ အဖြစ်သတ်မှတ်ကာ သီးခြားခွဲထားကြောင်း ဒေါက်တာထွန်းမင်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း လက်ရှိအချိန်သည် ပြည်ပမှ ရွှေ့ပြောင်းလုပ်သားများပြန်လာသည့်အချိန်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး စိုးရိမ်မှု မြင့်တက်လျက် ရှိသည်။