မြိတ်သူ/မြိတ်သားများ ဆန်အတွက် မစိုးရိမ်ရန် မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌပြော

0
745

မြိတ်သူ/မြိတ်သားများအနေဖြင့် ဆန်နှင့်ပတ်သက်ပြီး မစိုးရိမ်ကြရန် မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဌ လည်းဖြစ်သည့် အိုကေဆန်စက်ပိုင်ရှင် ဦးမောင်ထွေးက ပြောဆိုလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ မြန်မာနိုင်ငံအတွင်း တွေ့ရှိပြီဟု ကြေညာပြီး‌‌ေနာက် ယနေ့နံက်အချိန်မှစကာ မြိတ်မြို့နေပြည်သူများမှ ဆန်ကိုအလုအယက်ဝယ်ယူနေကြသည့်အတွက် ၎င်းက မစိုးရိမ်ရန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဆန်အတွက်က လုံးဝစိုးရိမ်စရာမလိုပါဘူး ကျွန်တော့်စက်မှာ အလုံအလောက်ရှိပါတယ်။ ဒီအတွက်လည်း လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ကြိုတင်စီစဥ်ထားပြီးဖြစ်ပါတယ်”ဟု ဦးမောင်ထွေး ကပြောသည်။

လက်ရှိအချိန်တွင် မြိတ်မြို့၏ အကြီးဆုံးဆန်ဆိုင် တစ်ခုဖြစ်သည့် အိုကေ ဆန်ဆိုင်ရှေ့တွင် လာရောက်ဝယ်ယူသူများကြောင့် ယာဥ်ကြောပိတ်ဆို့မှု မဖြစ်အောင် တာဝန်ရှိသူများမှယာဥ်ထိနိးရဲနှင့် လုံခြုံရေးများစီမံဆောင်ရွက်ထားသည်။

အိုကေဆန်ဆိုင်မှ လက်ရှိအချိန်တွင် ဆန်အိပ် ၃၀၀ ပါကားကြီး ၅ စီးဖြင့် ဆန်စက်မှ သယ်ယူကာ ရောင်းချပေးနေကြောင်း ဦးမောင်ထွေးက ဆိုသည်။

“ပြည်တွင်းက ဆန်မလုံလောက်ရင်တောင် ပြည်ပကနေ တင်သွင်းဖို့ ကျွန်တော် ချိတ်ဆက်ထားပြီးသားပါ။ အစိုးရိမ်မလွန်ကြဖို့ ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။

မြိတ်မြို့တွင် ဆန်ဆိုင်ကြီး ၁၅ ဆိုင်ခန့်နှင့် အလတ်စားဆိုင် ၅၀ ခန့်ရှိ​ကြောင်း သိရသည်။

ကိုဆန်း