မျိုးစပါး တင်းတစ်သောင်းကျော် ရောင်းမည်

0
915

ယခုနှစ်တွင် တနင်္သာရီတိုင်းရှိ လယ်သမားများသို့ မျိုးသန့်စပါး တင်း တစ်သောင်းကျော်(၁၃၁၅၇ တင်း) ကို ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူသည့် မျိုးစေ့များ အပင်မပေါက်ပါက ပြန်လဲ ပေးမည်ဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲထံမှ သိရသည်။

ရောင်းချပေးမည့် မျိုးစပါးများမှာ ရွှေဝါထွန်း၊ ကျော်ဇေယျ၊ ဧရာမင်း၊ ပေါ်ဆန်းရင် မျိုးများကို တစ်တင်းလျှင် ကျပ်ကိုးထောင်ဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း အထက်ပါဌာနခွဲ တိုင်းမျိုးစေ့ တာဝန်ခံ ဦးဝင်းအောင်က ပြောသည်။

ယမန်နှစ် စိုက်ပျိုးရေးဦးစီးဌာနက ရောင်းချသည့် မျိုးစပါးများ အပင် မအောင်သည့် သာဓကတစ်ခု လောင်းလုံး မြို့နယ် ပြင်ကြီးကျွန်းကျေးရွာတွင် ဖြစ်ပွားခဲ့ဖူးသည်။

စိုက်ပျိုးရေးဦးစီးဌာနတွင် ဝယ်ယူ ထားပြီး စနစ်တကျ သိုလှောင်ထားပါလျက် မျိုးမအောင်သည့် မျိုးစပါးများကို ပြန်လဲ ပေးမည်ဖြစ်ပြီး စနစ်တကျ သိုလှောင် ထားခြင်းမရှိသည့် မျိုးစပါးများကိုမူ ပြန်လဲပေးမည် မဟုတ်ကြောင်း ဦးဝင်းအောင်က ပြောသည်။

“စနစ်တကျ သိုလှောင်ထားတာ မဟုတ်ရင်တော့ တောင်သူရဲ့တာဝန်ပဲ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းမျိုးစပါးကို တောင်သူများ အား ရောင်းချနိုင်ရန်အတွက် အခြေခံ မျိုးစေ့တစ်တင်းကို ကျပ်နှစ်သောင်း ကျော်ဖြင့် ဝယ်ယူပြီး တိုင်းအတွင်း မျိုးပွားကာ တောင်သူများကို ပြန်လည် ရောင်းချပေး ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

မျိုးစပါးများကို မျိုးစေ့ထုတ်လုပ် မည့် တောင်သူများကို အဓိက ထားရောင်း ချပေးမည်ဖြစ်ပြီး ကျန်တောင်သူများလည်း ဝယ်ယူနိုင်သည်။

ကျော်သူစိုး