အားကစားကဏ္ဍတွင် တနင်္သာရီတိုင်း အဆင့်လေးသို့ ပြန်ဆင်း

0
578

၂၀၁၉-၂၀၂၀ အားကစားနှစ်အတွက် တိုင်းနှင့်ပြည်နယ် အားကစားအဆင့် သတ်မှတ်ချက်များ ဖေဖော်ဝါရီလ ၁၂ ရက်က ထုတ်ပြန်ခဲ့ရာ တနင်္သာရီတိုင်းက ယမန်နှစ်ကထက် အဆင့်တစ်ဆင့် လျော့ကျပြီး အဆင့်လေးသို့ ပြန်ဆင်း သွားကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

အထက်ပါ အားကစားနှစ်တွင် တနင်္သာရီတိုင်းသည် ရွှေတံဆိပ် ၃၃ ခု၊ ငွေ ၁၆ ခု၊ ကြေး ၂၉ ခု စုစုပေါင်း ဆုတံဆိပ် ၇၈ ခုဖြင့် ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်တို့အောက် အဆင့်လေး တွင် ရပ်တည်နေခြင်းဖြစ်ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

တိုင်းနှင့်ပြည်နယ် အားကစား အဆင့်သတ်မှတ်ချက်တွင် တနင်္သာရီ တိုင်းသည် ၂၀၁၇-၁၈ အားကစားနှစ် တွင် အဆင့်လေး၊ ၂၀၁၈-၁၉ အားကစားနှစ်တွင် အဆင့်သုံး ရရှိခဲ့သည်။

အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲတွင် အားကစားသိပ္ပံတက်ရောက် နေသူများ ကို ယှဉ်ပြိုင်ခွင့်ပြုလိုက်ခြင်း၊ တနင်္သာရီတိုင်းအသင်းက အနည်းဆုံး ရွှေတံဆိပ် သုံးခုရရှိရန် သေချာနေသည့် ရိုးရာလက်ဝှေ့ အားကစားနည်းတစ်ခုကို ယင်းအားကစားနှစ်တွင် မကျင်းပဖြစ် ခြင်းတို့ကြောင့် ယမန်နှစ်ကထက် ဆုတံဆိပ်ရရှိမှု နည်းသွားခြင်းဖြစ် ကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

“အဲဒီပြိုင်ပွဲနှစ်ခုမှာ ရွှေတံဆိပ်တွေ နာသွားတယ်”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

အဆင့်တစ် ရရှိသည့် ရန်ကုန်တိုင်းက ရွှေ ၈၁၊ ငွေ ၆၅၊ ကြေး ၅၃ စုစုပေါင်း ၁၉၉ ခု၊ အဆင့်နှစ်ရရှိသည့် မန္တလေးတိုင်းက ရွှေ ၆၀၊ ငွေ ၅၂၊ ကြေး ၅၅ စုစုပေါင်း ၁၆၇ ခု၊ အဆင့်သုံးရရှိသည့် ရှမ်းပြည်နယ်က ရွှေ ၄၁၊ ငွေ ၄၁၊ ကြေး ၅၆ စုစုပေါင်း ၁၃၈ ရရှိခဲ့ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

ကျော်သူစိုး